မန္တလေး မေ ၁၇
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်၌ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းက ကဗျာဆရာမ လွန်းသီ(ခန္တီး)၏ ချစ်သော စာရာမေရိနှင့် ရင်တွင်းဖြစ်ကဗျာများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အတွင်းရေးမှူး စာရေးဆရာ မင်းမြတ်မိုး(မန်းမြေ)က ကဗျာဆရာမ လွန်းသီ(ခန္တီး)၏ ချစ်သောစာရာမေရိနှင့်ရင်တွင်းဖြစ် ကဗျာများ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးခဲ့ရာ ကဗျာဟူသည် လူသားတို့၏ စိတ်ခံစားမှုကို ဖန်တီးခြင်းဟု မှတ်ယူပါကြောင်း၊ ရင်ခတ်ခြင်းကဗျာတွင် နှလုံးသား၏နုညံ့မှု၊ တောင့်တမှု၊ ခံစားမှုများပါဝင်နေကြောင်း၊ သားချော့တေးသံအလွမ်းတွင် မိခင်၏မေတ္တာကို ကြည်နူးဝမ်းမြောက်စွာ ခံစားရကြောင်း၊ အမေ့ရိပ်မြုံတွင် အမေ့အိမ်၏ အငွေ့အသက်ကို ခံစားရကြောင်း အစရှိသည့်ခေါင်းစဉ်များဖြင့် စတင်ဆွေးနွေးပါသည်။
ဆက်လက်၍ စာရေးဆရာ ထွန်းညိုက ဆရာမ၏ကဗျာများသည် ကဗျာကိုချစ်သည့်စိတ်၊ တန်ဖိုးထားသည့်စိတ်၊ မွေးရပ်ဇာတိကိုခွဲခွာပြီး အဝေးရောက်နေသူတစ်ယောက်၏ခံစားချက်၊ အိမ်အလွမ်း စသည့်အကြောင်းအရာ များကို ခံစားရေးဖွဲ့ထားကြောင်း ဦးဆောင်ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက ကဗျာစာအုပ်တွင်ပါရှိသော အကြောင်းအရာများ၊ ရေးဖွဲ့စပ်ဆိုမှုများ အပေါ် ထင်မြင်ယူဆချက်များကို အပြန်အလှန် ဆွေးနွေးကြကြောင်းသိရသည်။
ခရိုင်(ပြန်ဆက်)