ဇေယျာသီရိမြို့နယ်၌ ကျားမအခြေပြု အကြမ်းဖက်မှုများအကြောင်းကို ကျယ်ပြန့်စွာ သိရှိစေရန် အသိပညာပေး Talk Show ရိုက်ကူးထုတ်လွှင့်

ဇေယျာသီရိ မေ ၁၇

ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျားမအခြေပြု အကြမ်းဖက်မှုများအကြောင်းကို ကျယ်ပြန့်စွာသိရှိစေရန်အတွက် အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲပိုင်းက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။

ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကျားမအခြေပြု အကြမ်းဖက်မှုအသိပညာပေး Talk Show ကို ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်နှင့် စာရေးဆရာမ ဒေါ်သက်သက်နွယ်တို့က ကျားမအခြေပြု အကြမ်းဖက်မှုဖြစ်ပေါ်တတ်သည့် ပုံစံနှင့် လူ့အသိုင်းအဝိုင်းတွင် ထိခိုက်ခံရသည့် အကြောင်းများ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အန္တရာယ်များကို ဖြစ်ပေါ်စေသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇေယျာသီရိမြို့နယ်ရုံးမှ ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)