နမ္မတူတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲနှင့်  နံရံကပ်စာစောင်များ ပြသ

နမ္မတူ မေ ၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်မှာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်က ကလေးအလုပ်သမားပပျောက်ရေး ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းဟန်က မြန်မာနိုင်ငံရှိ ကလေးသူငယ်များနှင့်သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေ ခေါင်းစဉ်ဖြင့်လည်းကောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်ပိုးမဥ္ဇူက ကလေးသူငယ်အခွင့်အရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ဒေသခံပြည်သူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ရာ ဦးဆောင်ဆွေးနွေးသည့် တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့သည်။

ထို့နောက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်အား ပြသခဲ့ရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)