လားရှိုး အောက်တိုဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆) ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိရာ ယနေ့တွင် အမျိုးသား (၄၆)ဦး၊ အမျိုးသမီး (၈)ဦး စုစုပေါင်း (၅၄)ဦးတို့ကို ထပ်မံပို့ဆောင်ပေးနိုင်ခဲ့သည်။
အဆိုပါ နေရပ်ပြန်ပြည်သူ(၅၄)ဦးတို့တွင် ချင်းပြည်နယ်မှ(၂)ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၉)ဦး ၊ မကွေးတိုင်းဒေသကြီးမှ(၇)ဦး ၊ မန္တလေးတိုင်းဒေသကြီးမှ(၂)ဦး ၊ရန်ကုန်တိုင်းဒေသကြီးမှ(၄)ဦး ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မှ(၁)ဦး၊ ရခိုင်ပြည်နယ်မှ(၂၉)ဦး တို့ဖြစ်ကြသည်။
ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးရာတွင် မေလ(၆)ရက်နေ့မှ ယနေ့အထိ နေရပ်ပြန်ပြည်သူအမျိုးသား (၁၀၆၁၇)ဦး၊ အမျိုးသမီး (၆၅၈၄)ဦး ၊ စုစုပေါင်း (၁၇၂၀၁)ဦးတို့အား လွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့သည်။
နန်းသန္တာဦး (ပြည်နယ်ပြန်/ဆက်)