စဉ့်ကူး မေ ၁၇
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာညီညီနိုင် ရေးသားသည့် “ပညာနှင့်ဘဝ အောင်မြင်ရေးလမ်းညွှန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ စာပေဝါသနာရှင်များ၊ Book Club အဖွဲ့ဝင်များဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းပြုလုပ်၍ ဆွေးနွေးခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေခြင်း၊ ရင်းနှီး ပွင့်လင်းစွာဖြင့် အမြင်ခြင်းဖလှယ်နိုင်ခြင်း၊ အတွေးအခေါ်နှင့် အသိအမြင်များ တိုးပွားလာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာညီညီနိုင် ရေးသားသည့် “ပညာနှင့်ဘဝ အောင်မြင်ရေးလမ်းညွှန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများက “ပညာနှင့်ဘဝ အောင်မြင်ရေးလမ်းညွှန်” စာအုပ်တွင်ပါရှိသော “အချိန်ကိုစီမံခန့်ခွဲခြင်း နည်းပညာ” ခေါင်းစဉ်မှ အချိန်သည်ရွှေထက်တန်ဖိုးရှိပြီး စိန်ထက်ရှားပါးသောကြောင့် အကျိုးအမြတ် အများဆုံး ရအောင် ကြိုးစားယူသင့်ကြောင်း၊ နေ့စဉ်အချိန်ဖြုန်းတီးမှုများကို မှတ်စုရေးမှတ်၍ အချိန်ဖြုန်းတီး ရာရောက်သည့် အလုပ်ပိုများကို လျှော့ချရမည်ဖြစ်ကြောင်း၊ “ပိုမိုထိရောက်သောစာဖတ်ခြင်း” ခေါင်းစဉ်မှ စာဖတ်နှုန်းမြှင့်တင်ရေးအတွက် အမြင်စွမ်းအားကို ဖြန့်ကျက်ထားပြီး အသိအာရုံကိုလည်း နှစ်မြှုပ်ထားရန် လိုအပ်ကြောင်း၊ စာဖတ်နှုန်းမြင့်မားလာစေရန် သတင်းစာများကို နေ့စဉ်မနက်တိုင်း ဖတ်ပေးသင့်ကြောင်း၊ “ကျန်းမာရေး” ခေါင်းစဉ်မှ ကျန်းမာရေးနှင့်ညီညွတ်အောင် နေထိုင်စားသောက်ရေး၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို နည်းမှန်လမ်းမှန်ဖြင့် လေ့လာသင်ကြား လေ့ကျင့် သင့်ကြောင်း၊ ကျန်းမာပျော်ရွှင်ရေးအတွက် အိပ်ရေးဝဝအိပ်ရန်လိုအပ်ကြောင်း စသည့်အချက်များမှ ဗဟုသုတရဖွယ် သိမှတ်ဖွယ်ရာများ၊ မိမိတို့၏ အမြင်များကို ချစ်ခင်ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။
စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စိတ်လက်ပေါ့ပါး ပျော်ရွှင်စေရန်၊ အစုအဖွဲ့ အတွင်း ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)