မူဆယ် အောက်တိုဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့မရဲစခန်းနှင့် မန့်ဟီးရိုးနယ်မြေရဲစခန်းတို့က သိမ်းဆည်းရမိပြီး တရားစွဲတင်ထားသော အမှု(၅)မှုတို့မှ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် ထိန်းချုပ်ဓာတုပစ္စည်း အမျိုးအစား(၅)မျိုးကို ယနေ့ နံနက်(၇)နာရီ အချိန်ခန့်က မူဆယ်မြို့နယ်၊ တုန်ခန်-ကျင်စန်းကျော့သွားရာလမ်းရှိ ဟိုနောင်ကျေးရွာ၊ အနောက်ကြောတောင်ကြား၌ မြေမြှုပ် ဖျက်ဆီးခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် ထိန်းချုပ်ဓာတုပစ္စည်းများကို မြေမြှုပ် ဖျက်ဆီးရာသို့ မူဆယ်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသူရိန်၊ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မူဆယ်ခရိုင်၊ မိခင်နှင့်ကလေးစောင့်ရှောက်ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပြီး မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် ထိန်းချုပ်ဓာတုပစ္စည်းများကို အသီးသီး မြေမြှုပ် ဖျက်ဆီးခဲ့ကြသည်။
မူဆယ်မြို့၊ မြို့မရဲစခန်းနှင့် မန့်ဟီးရိုးနယ်မြေရဲစခန်းတို့က သိမ်းဆည်းရမိပြီး တရားရုံးပြီးပြတ်အမှု(၅)မှုတို့မှ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သော ထိန်းချုပ်ဓာတုပစ္စည်းအမျိုးအစား(၅)မျိုးဖြစ်သည့် အက်စစ်တုံး(၁၇၂၃၈.၆၈)လီတာ၊ ဟိုက်ဒရိုကလိုရစ်အက်ဆစ်(၉၅၉၉.၄)လီတာ၊ အီသိုင်းအီသာ(၈၉၄၂)လီတာ၊ မက်သေနာ(၂၀၇၆.၇၅)လီတာနှင့် အီသိုင်းအက်စီတစ်(၁၂၇၉၈)လီတာတို့ကို မြေမြှုပ် ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)