တောင်ကြီး မေ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပြုလုပ်မည့် ကျောင်းအပ်နှံရေးသီတင်းပတ်နှင့် ဇွန်လအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းများ ဉပဓိရုပ်ကောင်းမွန် လှပစေရန် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း တို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ယနေ့နံနက် ၆ နာခွဲက ပြုလုပ်သည်။
ထို့သို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုး၊ တိုင်းဦးစီးချုပ်နှင့် တပ်မတော်အရာရှိများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ၊ စည်ပင်သာယာရေးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ကျောင်းတွင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ချုံနွယ်များ၊ အမှိုက်သရိုက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ လျှပ်စစ်ဓာတ်ကြိုးများ၊ အဆောက်အအုံများနှင့် မလွတ်ကင်းသော သစ်ကိုင်းများအား ရှင်းလင်းပေးခြင်း၊ စာသင်ခန်းအတွင်းခြင်နိုင်ဆေးဖျန်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများ ဆယ်ယူရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို မေလ ၁၇ ရက်မှ ၂၂ ရက်နေ့အထိ နေ့ရက်အလိုက် တောင်ကြီးမြို့ အ.ထ.က (၃)၊ (၇)၊ (၈)၊ (၉)၊ (၁၀)၊ (၁၁)၊ အ.လ.က(၇)၊ အ.လ.က(ခွဲ) (၁၃)၊ အ.မ.က (၇)၊ (၅)၊ (၁၉)၊ (၁၀)၊ (၂၂)နှင့် အေးသာယာ အ.ထ.က စက်မှုဇုန်၊ အ.ထ.က (၁) တို့တွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်နိုင်လင်း