သိန္နီမြို့၌ ရှမ်းပြည်ဒေသထွက် လိုင်ချီးသီးများ စတင်ရောင်းချ

သိန္နီ မေ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့ရှိ အသီးအနှံရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် လူအများ နှစ်ခြိုက်စွာ စားသုံးလျက်ရှိသော ရှမ်းပြည်ဒေသထွက် ရာသီစာ လိုင်ချီးသီးများအား စတင် ရောင်းချလျက်ရှိသည်။

ထိုသို့ရောင်းချရာတွင် လိုင်ချီးသီးရောင်းချသူများအနေဖြင့် သိန္နီမြို့ဒေသရှိ လိုင်ချီးပင်များသည် ယခုကာလတွင် သီးကင်းအဖြစ်သာရှိနေပြီး နှစ်လခန့်အကြာမှ ဆွတ်ခူးရောင်းချရမည်ဖြစ်၍ လက်ရှိအခြေအနေတွင် လားရှိုးမြို့နယ်မှ ဝယ်ယူ၍ တစ်ဆင့်ပြန်လည် ရောင်းချရခြင်း ဖြစ်သည်။ ရာသီစာ အသီးအနှံတစ်မျိုးဖြစ်သော လိုင်ချီးသီးအား ယခင်နှစ်က (၅၀)သားခန့် တစ်တွဲလျှင် ငွေကျပ် (၅၀၀၀)နှုန်းဖြင့် ရောင်းချရပြီး ယခုနှစ်တွင် (၈၀၀၀)နှုန်းဖြင့် ရောင်းချရကြောင်း၊ သိန္နီဒေသထွက် လိုင်ချီးသီးများ လှိုင်လှိုင်ပေါ်ချိန်တွင် ရောင်းသူ၊ ဝယ်သူ နှစ်ဦးနှစ်ဖက် အဆင်ပြေစေရေး သင့်တော်သော နှုန်းထားဖြင့် ရောင်းချနိုင်ရေး မျှော်လင့်ကြောင်း လိုင်ချီးသီးရောင်းချသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြို့နယ်(ပြန်/ဆက်)