ကွမ်းလုံ မေ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးအတွက် မေလအတွင်း နှာခေါင်းစည်း Mask များအား ဒုတိယအကြိမ် အခမဲ့ထပ်မံ ဖြန့် ဝေခြင်းကို ယမန်နေ့နံနက်(၇)နာရီခွဲအချိန်က ကွမ်းလုံ-ချင်းရွှေဟော် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့တို့ပူးပေါင်းပြီး နှာခေါင်းစည်း Mask အခု(၁၀၀၀)အား ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ကွမ်းလုံမြို့နယ်သည် တရုတ်-မြန်မာနှစ်နိုင်ငံ ကုန်စည်ကူးသန်းရောင်းဝယ်ရာ၌ ဖြတ်သန်းသွားလာရပြီး အရေးပါသည့် မြို့တစ်မြို့ဖြစ်သည်နှင့်အညီ ကိုဗစ်-၁၉ရောဂါကြောင့် ကုန်စည် ကူးသန်း ရာတွင် နှောက်နှေးကြန့်ကြာမှု မဖြစ်ပွားစေရန်အတွက် ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးလုပ်ငန်းများကို အစဉ်တစ်စိုက် ဆောင်ရွက် လျက်ရှိသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ယမန်နေ့နံနက်(၇)နာရီခွဲအချိန်က ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်း အဖွဲ့များက နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်းမရှိဘဲမောင်းနှင်သွားလာသည့် ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များနှင့် လမ်းသွားလမ်းလာပြည်သူများကို အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး နှာခေါင်းစည်း Mask များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)