ကွမ်းလုံ မေ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ ကျောင်းသူများ အချိန်ကို အကြိုးရှိစွာ အသုံးချနိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ဖွင့်လှစ်သင်ကြားပေးသည့် အခြေခံကွန်ပျူတာ စာစီစာရိုက်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးစိုင်းနိုင်လင်း က သင်တန်းဆင်းအမှာစကားပြောကြားရာ၌ ယခုသင်ကြားပေးလိုက်သော သင်ခန်းစာများသည် အခြေခံသင်ခန်းစာများဖြစ်ပြီး သင်တန်းသူ/ သင်တန်းသားများအနေဖြင့် သင်ခန်းစာများကို ကောင်းမွန်စွာသင်ယူတက်မြောက်မည်ကို ယုံကြည်ကြောင်း၊ မိမိတို့သင်ယူတတ်မြောက် ထားသည့် သင်ခန်းစာများကို မမေ့မလျော့်စေရန်အတွက် ဆက်လက်လေ့လာသင်ယူရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နောင်လာမည့်နှစ်များတွင်လည်း နွေရာသီကျောင်းပိတ်ရက်များ၌ လူငယ်များကို အကျိုးဖြစ်စေမည့် သင်တန်းများကို ဆက်လက်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက သင်တန်းသူ/ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ကွန်ပျူတာပန်းချီဆွဲပြိုင်ပွဲ၌ ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် သင်တန်းသူ/သင်တန်းသားများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်မှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို ကြည့်ရှုခဲ့ကြပြီး မိမိတို့ ဖတ်ရှုလိုသည်များကို ငှားရမ်းဖတ်ရှုခဲ့ကြည်။
အဆိုပါ အခြေခံ ကွန်ပျူတာစာစီစာသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကွမ်းလုံမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မတ်လ(၂၀)ရက် နေ့မှ မေလ (၁၅)ရက်နေ့ထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)