မိုင်းယုမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး (Talk Show)ဆွေးနွေး

မိုင်းယု မေ ၁၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၏ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးအားချာ၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးကိုကိုနိုင်နှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နန်းကောင်ကျောက်တို့က ကလေးအလုပ်သမားဆိုသည်မှာ အဘယ်နည်း၊ အလုပ်ရှင်အဖွဲ့အစည်းများအားဖြင့် လုပ်ဆောင်ချက်၊ ဘေးဥပါဒ်အန္တရာယ်ကျရောက်နေသော ကလေးသူငယ်အလုပ်သမား၊ အလုပ်ရှင်အဖွဲ့အစည်းများမှ ကူညီနိုင်မည့်နည်းလမ်းများ၊ ကလေးလုပ်သားဆန့်ကျင့်ရာတွင် အလုပ်ရှင်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ ကလေးလုပ်သားတိုက်ဖျက်ရန် အလုပ်ရှင်အဖွဲ့အစည်းများအတွက် အကြောင်းပြချက်သုံးချက်နှင့် လူမှုရေးအပြန်အလှန်ဆွေနွေးမှုကို အားကောင်းလာစေခြင်းစသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

ကလေးအလုပ်သမားသည် ကလေးငယ်ငယ်တို့၏ ဘဝ၊ ရှေ့အလားလာနှင့် ဂုဏ်သိက္ခာကို ကင်းမဲ့စေပြီး ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေသည့် အလုပ်မျိုးဖြစ်ကြောင်း၊ ကလေးငယ်တို့၏ သေဆုံးနှုန်းလျော့ချရေး၊ ပညာလက်လှမ်းမီရရှိနိုင်ရေးနှင့် အရည်အသွေးတိုးတက်လာရေး၊ ကလေးငယ်များအား အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပမ်းမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ ကာကွယ်ပေးနိုင်ရန်အတွက် ယင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ကိုကိုနိုင်