ဟိုပန်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် မိုးနေကြာမျိုးစေ့ထုတ် စတင်စိုက်ပျိုး

ဟိုပန် မေ ၁၇

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများအား နေကြာမျိုးစေ့မျိုးကောင်းမျိုးသန့်များ လိုအပ်သလိုဖြည့်တင်းပေးနိုင်ရန်၊ ဈေးနှုန်းချိုသာစွာရရှိစိုက်ပျိုးနိုင်ရန်နှင့် နေကြာတိုးချဲ့စိုက်ပျိုးနိုင်ခြင်းဖြင့် ဒေသတွင်းစားသုံးဆီဖူလုံမှုရှိလာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၈)နာရီက မော်ဟွေ့ကျေးရွာရှိ တောင်သူဦးစိုင်းအောင်၏ ယာမြေတစ်ဧကစံပြကွက်တွင် ၂၀၂၃- ၂၀၂၄ ခုနှစ် အတွက် မိုးနေကြာမျိုးစေ့ထုတ် စတင်စိုက်ပျိုးခဲ့သည်။

ဟိုပန်မြို့နယ်တွင် မိုးနေကြာမျိုးစေ့ထုတ်စိုက်ပျိုးဧက (၅)ဧကစိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါနေကြာမျိုးစေ့များထွက်ရှိလာပါက မြို့နယ်အတွင်းရှိ နေကြာစိုက်တောင်သူများ၏ ဆောင်းနေကြာစိုက်ပျိုးဧက(၄၉)ဧကအား ဆက်လက်စိုက်ပျိုးနိုင်ရေး ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချိုလေးထံမှ သိရသည်။

ဇင်ဇင်(ပြန်/ဆက်)