နေပြည်တော် မေ ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေလ ၁၆ ရက်နေ့နံနက်ပိုင်းက တပ်မတော်ရဟတ်ယာဉ်ဖြင့် ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ဘူးသီးတောင်မြို့၊ ရသေ့တောင်မြို့နှင့် ကျောက်တော်မြို့ တို့သို့ရောက်ရှိပြီး မုန်းတိုင်းဒဏ်ကြောင့် လေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံအား ပေးစကားပြောကြား၍ ထောက်ပံ့ငွေ၊ ထောက်ပံ့ပစ္စည်းများ၊ ဆေးဝါးများနှင့်စားသောက် ကုန်များထောက်ပံ့ပေးအပ်လှူဒါန်းသည်။
ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့ဝင်များသည် မောင်တောမြို့၊ ဘူးသီးတောင်မြို့နှင့် ဘူးသီးတောင်တပ်နယ်၊ ရသေ့တောင်မြို့နှင့်ရသေ့တောင် တပ်နယ်၊ ကျောက်တော်မြို့နှင့် ကျောက်တော်တပ်နယ်တို့တွင် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး အားပေးစကားပြောကြားသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့ဝင်များသည် အဆိုပါမြို့နယ်များတွင် မုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ထောက်ပံ့ငွေ သိန်း ၁၃၀၀ နှင့် ထောက်ပံ့ပစ္စည်းများ၊ ဆေးဝါးများနှင့် စားသောက်ကုန် ပစ္စည်းကို ပေးအပ်လှူဒါန်းခဲ့ကြသည်။
မုန်တိုင်းဒဏ်ခံရသည့် ပြည်သူများနှင့်တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မိမိတို့လာရောက်ခြင်းမှာ ရခိုင်ပြည်နယ်အတွင်း မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်း ဒဏ်ခံခဲ့ရသဖြင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပြည်သူများ၏ ကြုံတွေ့နေရသော အခက်အခဲများကိုသိရှိပြီး လိုအပ်သည်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရန်လာခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ခံရသော အခြေအနေများကို ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများသို့ မိမိတို့နှစ်ဖွဲ့ခွဲ၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး အရေးကြီးလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေ(၁၅) ရက်နေ့က စစ်တွေမြို့သို့ရောက်လာပြီး မိမိတို့အဖွဲ့အား မုန်တိုင်းဒဏ်ခံခဲ့ရသော ရခိုင်ပြည်နယ်ရှိ ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးကိစ္စများ၊ ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်ရန်များကို လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်နယ်အစိုးရတို့အနေဖြင့် ကူညီထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးပြန်လည်ထူထောင်ရေးကိစ္စများကို အလျင်အမြန် ဆောင်ရွက် လျက်ရှိကြောင်း၊ ရိက္ခာ၊ ဆေးဝါးပစ္စည်းများ၊ ယာယီတဲများနှင့်အမိုးအကာများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ မုန်တိုင်းမကျမီကတည်း ကကြိုတင်ပို့ဆောင်ထားသည်များရှိသကဲ့သို့ မုန်တိုင်း တိုက်ခတ်ပြီးချိန်မှစ၍ မော်တော်ယာဉ်၊ ရေယာဉ်၊ တပ်မတော်ရေယာဉ်၊ လေယာဉ်တို့ဖြင့် စဉ်ဆက်မပြတ်ပို့ဆောင်ပေးလျက်ရှိကြောင်း၊ မုန်တိုင်းဒဏ်ခံခဲ့ရသည့် မြို့နယ်များ၊ ကျေးရွာရပ်ကွက်များသို့ ကယ်ဆယ်ရေးပစ္စည်းများ အမြန်ပို့ဆောင်ရန်စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ မကြာမီဖွင့်တော့မည် အခြေခံပညာ ကျောင်းများ၊ ဆေးရုံးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဦးစားပေးပြုပြင်ရန် စီစဉ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အလားတူ သယ်ယူပို့ဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် သောက်သုံးရေးရရှိတို့ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများတွေ့ကြုံခံစားနေရသည့် အခက်အခဲများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်နယ်အစိုးရအဖွဲ့တို့မှ အလေးထား ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဆိုင်ကလုန်းမုန်တိုင်း မိုခါမုန်တိုက်ခတ်မှုကြောင့် ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် မြေပုံ၊ ကျောက်ဖြူ၊ မင်းပြား၊ မြောက်ဦးမြို့များသို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် သွားရောက်၍ မုန်တိုင်းဒဏ်သင့်ပြည်သူများအား တွေ့ဆုံအားပေး စကားပြောကြားပြီး ထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀၀၊ ဆန်၊ ဆီ၊ ဆား နှင့် စားသောက်ဖွယ်ရာများ၊ ဆေးဝါးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ် လှူဒါန်းသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ပေါက်တောမြို့နယ် ကြိမ်နီပြင်ကျေးရွာရှိ IDP စခန်းများနှင့် ပေါက်တောမြို့နယ်တို့တွင် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအားဝေဟင်မှ လှည့်လည်ကြည့်ရှု စစ်ဆေးပြီး မြေပုံမြို့သို့ရောက်ရှိကာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အဆောက်အဦများ၊ ကမ်းနားလမ်း၊ မြို့ပါတ်လမ်း နေရာများတွင် ကမ်းထိမ်းနံရံနှင့် လမ်းများပျက်ဆီးခြင်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများ နှင့်ပတ်သတ်၍ ရှင်းလင်း တင်ပြကြသည်။ ဆက်လက်၍ အဖွဲ့ဝင်များသည် တောင်ပေါ်ရပ်ကွက်သို့သွားရောက်၍ ရပ်ကွက်တွင်နေထိုင်လျက်ရှိသည့် ဘင်္ဂါလီလူမျိုး အိမ်ထောင်စုဝင်များအားလည်းကောင်း၊ အငူကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဒေသခံပြည်သူများအားလည်းကောင်း သွားရောက် တွေ့ဆုံ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေ၊ ဆန်၊ ဆီ၊ ဆားနှင့် စားသောက်ဖွယ်ရာများ၊ ဆေးဝါးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ကျောက်ဖြူမြို့သို့ ရောက်ရှိပြီး ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်ရှိ လေမုန်တိုင်း ဒဏ်ကြောင့် ပျက်စီးခဲ့သည့် သင်တန်းသူ အိပ်ဆောင်များအား ကြည့်ရှုစစ်ဆေးပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများနှင့်တွေ့ဆုံရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မုန်တိုင်းမကျရောက်မှီကာလ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် ကြိုတင်စုဖွဲ့ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မုန်တိုင်း ဝင်ရောက် ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းမှူးတို့က အမှာစကားများ ပြောကြားကြပြီး မြို့မိ/မြို့ဖများ၏ ဒေသကောင်းကျိုးအတွက် အကြံပြုတင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ကျောက်တစ်လုံး IDP စခန်းအား ပြောင်းရွှေ့နေရာချထားသည့် အေးမြသာယာ ကျေးရွာသို့သွားရောက်၍ ကျေးရွာတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသော ဘင်္ဂါလီလူမျိုး မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်ကာ ကျေးရွာအတွင်းသို့ လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။ ထိုမှတဆင့် အဖွဲ့ဝင်များသည် မင်းပြားမြို့နှင့် မြောက်ဦးမြို့ များသို့ဆက်လက်သွားရောက်၍ မုန်တိုင်းဒဏ်သင့် ပြည်သူများအား တွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေ၊ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စားသောက်ဖွယ်ရာများ၊ ဆေးဝါးပစ္စည်းများ၊ family kits ပုံးများ ထောက်ပံ့ ပေးအပ်လှူဒါန်းကာ မြို့တွင်းရှိ မုန်တိုင်းဒဏ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် စာသင်ကျောင်းများနှင့် အဆောက်အဦများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)