မြောက်ဦး မေ ၁၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့သို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဒုတိယဝန်ကြီးများ၊ လုံခြုံရေးနှင့်နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း တို့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယနေ့ ညနေ ၅ နာရီ ၂၀ မိနစ် အချိန်က မြောက်ဦးမြို့သို့ ရောက်ရှိကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာပစ္စည်းများအား အောင်တပ်ရပ်ကွက် မြို့တော်ခန်းမ၌ ပေးအပ်ခဲ့သည်။
အဆိုပါ မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းဝင်ရောက် တိုက် ခတ်သဖြင့် စိုးရိမ်မိပါကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှာကြားမှုဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စီမံဆောင် ရွက်ထားရှိသည့်အတွက် ပျက်စီးဆုံးရှုံးမှုနည်းပါးပြီး ထိခိုက်မှုမရှိသည် တို့ကိုတွေ့ရပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်သည့်အခါ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျရာအခန်းကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ သည်။
ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ မုန်တိုင်းသင့်ပြည်သူများအတွက် ထောက်ပံ့ငွေကျပ် သိန်း(၂၀၀)နှင့် ဆန်၊ဆီ၊ဆား၊ငပိ စသော လူအသုံးအဆောင်ပစ္စည်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှပစ္စည်း(၁၇)မျိုးပါ အသုံးအဆောင်ပစ္စည်းများ၊ လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေကျပ် သိန်း(၁၀၀)တို့အား ထောက်ပံ့ပေးအပ်ရာတာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြပြီး မြောက်ဦးမြို့ တစ်ပတ်လှည့် လှည်ကြည်ရှုခဲ့ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)