နမ့်ခမ်း မေ ၁၇
ဒေသခံပြည်သူများအား မေလ(၁၄)ရက်နှင့်(၁၅)ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းအလွန်ကာလအတွင်း ဖြစ်ပွားတတ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့အတွင်း ယမန်နေ့ နံနက်(၉း၀၀)အချိန်က ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် လှည့်လည်ဆော်ဩခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သိုလှည့်လည်ဆော်ဩရာတွင် လေမုန်တိုင်းကျရောက်ပြီးနောက်ဖြစ်ပွားနိုင်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါကိုကာကွယ်နိုင်ရေးအတွက် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားရခြင်းမှာ ရောဂါပိုးများပါရှိသည့် မသန့်ရှင်းသောရေနှင့်အစားအသောက်များကို စားသောက်မိခြင်းမှတဆင့် ကူးစက်ဖြစ်ပွား၍ အသက်အန္တရာယ်ထိခိုက်နိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအသွင်ဖြင့်လည်း ဖြစ်ပွားနိုင်ကြောင်း၊ အဆိုပါဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားပါက အရည်ဝမ်းပျော့များသွားခြင်း၊ အော့အန်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ကြွက်တက်ခြင်းနှင့် သတိလစ်ခြင်း စသည့်တို့ဖြစ်ပွားနိုင်ပြီး အသက်သေဆုံးသည်အထိဖြစ်ပွားနိုင်သောကြောင့် အထူးဂရုပြုသင့်ကြောင်း ဆော်ဩခဲ့ပါသည်။ ထို့ကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါများမဖြစ်ပွားစေရန် ဒေသခံပြည်သူများအား သောက်သုံးရေသန့်ရှင်းရေး၊ ခြေ/လက်သန့်ရှင်းရေး၊ အစားအသောက်သန့်ရှင်းရေးနှင့် အိမ်သာသန့်ရှင်းရေးအစရှိသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆော်ဩဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆော်ဩဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့နောက်ဆုံးအနေဖြင့် ရပ်ကွက်(၁၄)ကွက်နှင့် ကျေးရွာ(၅)ရွာတို့အား နံနက်ပိုင်းတွင် တစ်ကြိမ်၊ ညနေ့ပိုင်းတွင် တစ်ကြိမ်ဖြင့် တစ်ရက်ကို(၂)ကြိမ်တိုင်တိုင် လှည့်လည်ဆော်ဩပေးခဲ့ကြကြောင်း သိရှိရပါသည်။
နမ့်ခမ်း(ပြန်/ဆက်)