အင်တော အောက်တိုဘာ ၆
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ အခြေခံ မဲဆန္ဒရှင်စာရင်းများကို အင်တောမြို့ပေါ် (၆)ရပ်ကွက် နှင့် နန်းကောင်းမူကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဒုတိယအကြိမ် (နောက်ဆုံးအကြိမ်)အဖြစ် ကပ်ထား ကြေညာထားမှုကို ယနေ့ နံနက် ၁၁ နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းကွမ်းခေးနှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ (၁)ရက် နေ့မှ (၁၄)ရက် နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် ကြေညာကပ်ထားသည့် အခြေခံမဲဆန္ဒရှင် စာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့် အမည် ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက်နေထိုင် သူများဖြစ်ပါက ပုံစံ၃(က)ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်း တွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက် မှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်စိစစ်၍ ဆောင်ရွက်သွားမည်ဖြစ်သည်။ အသက် (၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် မဲစာရင်း လာရောက် ကြည့်ရှုကြရန် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
အဆိုပါမဲဆန္ဒရှင်စာရင်း ဒုတိယအကြိမ် (နောက်ဆုံးအကြိမ်) ကပ်ထားကြေညာထားခြင်းအရ အင်တောမြို့ပေါ်(၆) ရပ်ကွက်နှင့် နန်းကောင်းမူကျေးရွာအုပ်စု အတွင်းတွင် မဲရုံ(၇)ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား(၃၀၀၁)ဦး၊ မ (၃၀၅၈) ဦး စုစုပေါင်း မဲပေးပိုင်ခွင့်ရှိသူ (၆၀၅၉) ဦး ရှိကြောင်း သိရသည်။
အောင်ခိုင်(အင်တော)