မိတ္ထီလာ ဧပြီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ရေသောက်စနစ်ဖြင့် မိုးကြိုချည်မျှင်ဝါစိုက်ဧက ၂၇၃၂ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဧက အထွက်တိုး၍ ဝင်ငွေတိုးနိုင်သည့် ဝါသီးနှံကို စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ဒေသခံတောင်သူများအား အထွက်နှုန်းကောင်းသည့် ချည်မျှင်ရှည်ဝါကို မိုးကြိုနှင့် မိုးနှောင်းကာလများတွင် စိုက်ပျိုးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၌ ဆည်ရေ၊ ကန်ရေများအပြင် စက်ရေ တွင်းများဖြင့် မိုးကြိုချည်မျှင်ရှည်ဝါများကို မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှု အောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များရှိ ဒေသခံတောင်သူများက မတ်လ ပထမပတ်မှ စတင်၍ စိုက်ပျိုးလျက်ရှိ သည်။ ယင်းသို့ မိုးကြိုချည်မျှင်ရှည်ဝါများ စိုက်ပျိုးရာတွင် အထူး အထွက်နှုန်းကောင်းသည့် (B.31)၊ ရွှေတောင်(၁၀)၊ ရွှေတောင်(၈) ဝါမျိုးများကို စိုက်ပျိုးထားရာ ချည်မျှင်ရှည်ဝါ(B.31)စိုက်ဧက ၇၆၁ ဧက ၊ ရွှေတောင်-၁၀ စိုက်ဧက ၁၇၁၄ ဧကနှင့် ရွှေတောင်-၈ စိုက်ဧက ၂၅၆ ဧက စုစုပေါင်းစိုက်ဧက ၂၇၃၂ဧက တို့ကို စိုက်ပျိုးနိုင်ခဲ့သည်။
အဆိုပါ မိုးကြိုချည်မျှင်ရှည်ဝါ စိုက်ဧကများအနက် မိတ္ထီလာမြို့နယ်တွင် စိုက်ဧက ၂၉၆ဧက၊ မလှိုင် မြို့နယ်တွင် စိုက်ဧက ၈၆ဧက၊ သာစည်မြို့နယ်တွင် စိုက်ဧက ၁၇၃၉ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် စိုက်ဧက ၆၁၁ ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)