သန်လျင်၌ အခြေခံပညာ Grade 9 တိုင်းဒေသကြီးအဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

သန်လျင် မေ ၁၇

အခြေခံပညာ Grade 9 သင်ရိုးသစ်တိုင်းဒေသကြီးအဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် သန်လျင်ခရိုင်၊ သန်လျင်မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင်  နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ဘို့ လူသားအရင်းအမြစ်ဟာ အဓိကကျကြောင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များပေါများဖို့ အဓိကလိုအပ်တာဖြစ်သည့်အတွက် နိုင်ငံတော်အနေနဲ့ ပညာရေးရင်းနှီးမြှုတ်နှံမှုကို အလေးထားပြီးပညာရေးကဏ္ဍအရှိန်အဟုန်နဲ့ တိုးတက်စေရန် နိုင်ငံတော်အစိုးရက အားပေးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသားကျောင်းသူများရဲ့ အလုပ်အကိုင်ရည်မှန်းချက်များကို ဖြည့်ဆည်းပေးရန် အမျိုးသားမဟာဗျုဟာစီမံကိန်း NESP ကို ၂၀၁၆ ခုနှစ်ကစတင်၍ ၂၀၂၁ ခုနှစ်ထိ(၅)နှစ်စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာမှာ ပညာသင်ယူနေသူ ကျောင်းသား ကျောင်းသူအားလုံးအတွက် အရည်အသွေးပြည့်မီသော ပညာရေးစနစ်ရရှိဖို့ အရေးပါသည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဆရာဆရာမများအနေဖြင့် ဤဆင့်ပွားသင်တန်းအားအလေးထားသင်ယူကြပြီး လက်တွေ့သင်ကြားရေးနယ်ပယ်တွင် ထိရောက်အောင်မြင်စေရန် ကြိုးစားကြစေလိုကြောင်းစသည့်ဖြင့် ဆွေးနွေးမှာကြားသည်။ ထို့နောက်ခရိုင်ပညာရေးမှူး ဦးဘသန်းကသင်တန်းဆိုင်ရာများ ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများ၊ မြို့နယ်ပညာရေးမှူးများ၊ ခရိုင်အတွင်းရှိမြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ ဆရာ ဆရာမ (၉၉၆)ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာမေ(၂၄)ရက်နေ့ထိဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ ဆက်)