မြို့နယ်စည်ပင်သာယာစျေးပတ်လည်ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးတူးဖော်ဆောင်ရွက်

တွံတေး မေ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြသန့်ရှင်းသာယာလှပစေရန်နှင့် ရေကြီးရေလျှံမှုအန္တရာယ်ကင်းဝေးစေရေးအတွက် စည်ပင်သာယာစျေးပတ်လည် ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ အမှိုက်များ၊ နှုံးများဆယ်ယူခြင်းများကို ယမန်နေ့ညနေ ၃ နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေဆိုးထုတ်အုတ်ရေမြောင်း အကျယ် ၃ ပေ၊ အနက် ၃ ပေ အုတ်စီရေနုတ်မြောင်းအတွင်း အမှိုက်များ၊ နှုံးများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာဒေါ်နီနီသွင်က အနီးကပ်ကြီးကြပ်၍ လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်းသိရပြီး ယခုအခါ စျေး၏အပြင် ရေမြောင်းရှင်းလင်းအားလုံးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ ကျန်ရှိသောစျေးအတွင်းက ရေမြောင်းများကို စျေးပိတ်ရက်ဥပုဒ်နေ့တွင် ဆက်လက်တူးဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေဆိုးထုတ်အုတ်ရေမြောင်းများ တူးဖော်ဆောင်ရွက်ပြီးစီးပါက မိုးတွင်းကာလ မြို့တွင်းရေစီးရေလာ ကောင်းမွန်စေမည့်အပြင် လူနေအိမ်များအတွင်း ရေကြီးရေလျှံမှုများ ကင်းဝေးစေမည်ဖြစ်ကာ ရေတိုက်စားမှုကြောင့် လမ်းပျက်စီးမှုများလည်း လျော့နည်းသက်သာစေမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

တွံတေးသား