ဒဂုံမြို့သစ်(အရှေ့ပိုင်း) အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်း ဖွင့်လှစ်ထားသော အမှတ်(၂) စည်ပင်သာယာစျေးအတွင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်၊ မြို့နယ်စည်ပင်သာယာကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်ထွန်းနှင့် အဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်၊ စျေးတာဝန်ခံမှူးနှင့် အဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များက စျေးအတွင်းစျေးသည်များ မနက်ပိုင်းတစ်ချိန်သာ ရောင်းချခြင်း ရှိ/မရှိ၊ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိ၊ Mask တပ်ဆင်ခြင်း ရှိ/မရှိ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ တို့ကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စားသောက်ဆိုင်များ၊ လဖ္ဘက်ရည်ဆိုင်များကိုလည်း စက်တင်ဘာ ၂၂ ရက်နေ့မှ စတင်၍ ပါဆယ် စနစ်ဖြင့်သာ ရောင်းချရမည် ဖြစ်ကြောင်းကိုလည်း ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ညွှန်ကြားထားပြီး ဖြစ်ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)