မိုင်းဖြတ်၌ ပဲပုပ်မျိုးစေ့ထုတ်တောင်သူများအား သွင်းအားစုဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်

မိုင်းဖြတ်    အောက်တိုဘာ    ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပဲပုပ်မျိုးစေ့ထုတ် တောင်သူများအား သွင်းအားစု ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခြင်းကို  ယနေ့ နံနက် ၁၀နာရီအချိန်ခန့်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က တောင်သူများ အတွက် သွင်းအားစု ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ဓာတ်မြေသြဇာ အချိုးကျ၊ စနစ်တကျ သုံးစွဲပုံများကို ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူးက ဝမ်ပုံအုပ်စု၊ ဝမ်ယန်းကျေးရွာတွင် စိုက်ပျိုးထားရှိသည့်  ဆောင်းပဲပုပ်မျိုးစေ့ထုတ် တောင်သူ ၄ ဦးအား ၁၀ဧကအတွက် သွင်းအားစုဓာတ်မြေသြဇာ၊ ယူရီးယာ၊ လက်ချားရွက်ဖျန်းမြေသြဇာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ဆောင်းပဲပုပ်မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်ခြင်းသည်  မြို့နယ်အတွင်း မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူး ဆောင်ရွက်နိုင်ရေး၊ မျိုးစေ့ထုတ်တောင်သူများ အစုအဖွဲ့ ပေါ်ပေါက်လာစေရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

သန်းထွန်းအေး (ပြန်/ဆက်)