ဇေယျာသီရိမြို့နယ်၌ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ဇေယျာသီရိ မေ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အတွင်း၌ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်က အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကို အကျိုးပြုမည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ပြည်သူ့စာကြည့်တိုက်သို့ ဖိတ်ခေါ်၍ ဟောပြောပွဲပြုလုပ်ခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် စာရေးဆရာရဲမွန်ကျော်နှင့် စာရေးဆရာစိန်ဝင်းနွယ်တို့က လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  လူငယ်နှင့်အနာဂတ်၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့် မျိုးချစ်စိတ် ခေါင်းစဉ်များဖြင့် ဟောပြောခဲ့သည်။

ဟောပြောပွဲတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်နှင့် ဝန်ထမ်းများက သာစည်ကျေးရွာမှ ကျောင်းသား/သူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ခင်းကျင်းပြသထားသည့် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်များအား လိုက်လံပြသခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)