မြစ်ကြီးနား မေ ၁၆
မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ် ရပ်ကွက်/ကျေးရွာများရှိ လိုင်ချီးသီး (တရုတ်ဇီးသီး) စိုက်ပျိုးသည့် ဒေသခံတောင်သူများအနေဖြင့် ယခင်နှစ်များထက် ဝယ်လိုအားကောင်း၍ ဈေးကောင်း ရရှိသဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
လိုင်ချီးသီး (တရုတ်ဇီးသီး) စိုက်ပျိုးသူများအနေဖြင့် လက်ကားဈေး (၅၀) ကျပ်သားခန့်ရှိ တစ်တွဲလျှင် (၂၀၀၀) ကျပ်ဝန်းကျင် ရောင်းချပြီး ကိုယ်တိုင်ချွေပြီး လက်ကားဈေး ရောင်းချမည် ဆိုလျှင် သက်တမ်းရင့်အပင် (၁) ပင်လျင် အနည်းဆုံး (၁၅၀၀၀၀)ကျပ် ဝန်းကျင်ခန့် ရရှိကြောင်းနှင့် အဆိုပါ လိုင်ချီးသီး (တရုတ်ဇီးသီး) ပင်များသည် စိုက်ပျိုးကာစ (၄) နှစ် (၅)နှစ် နီးပါးခန့်သာ ပြုစု ပေးရကာ သက်တမ်းရင့်လာသည်နှင့်အမျှ သိပ်ပြီးဂရုစိုက်ရန်မလိုသဖြင့် တောင်သူများအနေဖြင့် မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။
အဆိုပါ လိုင်ချီးသီးများသည့် မေလ (၁၀) ရက်ခန့်က မြစ်ကြီးနားမြို့ရှိ သစ်သီး အရောင်းဆိုင် များတွင် စတင်ရောက်ရှိ ရောင်းချလျက်ရှိရာ (၅၀) ကျပ်သားခန့်ရှိ တစ်တွဲလျင် (၂၅၀၀) ကျပ် ရှိကြောင်းနှင့် ယခုရက်ပိုင်းအတွင်း မိုးများအဆက်မပျက် ရွာသွန်းမှုများကြောင်း ဝယ်လိုအား အနည်းငယ် ကျဆင်းသော်လည်း ဈေးနှုန်းကျဆင်းခြင်းမရှိကြောင်း မြို့ပေါ် သစ်သီးအရောင်းဆိုင်များမှ သိရသည်။
ခရိုင်(ပြန်/ဆက်)