ရန်ကုန် မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ရန်ကုန်မြောက်ပိုင်းခရိုင် စာကြည့်တိုက်များကြီးကြပ်မှုကော်မတီ တွေ့ဆုံပွဲနှင့် စာအုပ်လှူဒါန်းပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။
ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးသိမ့်၊ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက် များကြီးကြပ်မှုကော်မတီ ရုံးအဖွဲ့မှူး ဦးဝင်းသိန်းနှင့်အဖွဲ့ဝင် ဦးဘိုကြည်(ဒေါက်တာ ဗိုလ်သံမဏိ− တောင်တွင်းကြီး)တို့က အမှာစကား အသီးသီးပြောကြားသည်။
တွေ့ဆုံပွဲတွင် ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သည့် အင်းစိန်မြို့နယ်၊ တိုက်ကြီးမြို့နယ်၊ ထန်းတပင်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မှော်ဘီမြို့နယ်၊ လှည်းကူး မြို့နယ်၊လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်များရှိ စာကြည့်တိုက်များကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက မိမိတို့၏ စာကြည့်တိုက် များ အခြေအနေ၊ စာကြည့်တိုက်၏ လိုအပ်ချက်များ၊ စာကြည့်တိုက် လည်ပတ်မှုအခြေအနေများစသည့် တို့က တင်ပြဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာအုပ်လှူဒါန်းပွဲကို အလှူရှင် ဒေါ်သန်းသန်းဝင်း လှူဒါန်းသည့် စာရေးဆရာ မောင်မောင်ဇင် ရေးသားထားသော လွမ်းလင့်လွန်လှည့် လေလိမ့်လော စာအုပ် (၁၀၀) ကို လှူဒါန်းခဲ့ပြီး အဆိုပါ စာအုပ်များကို ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ စာကြည်တိုက်များအား ခွဲဝေလှူဒါန်းပေးခဲ့ ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ ဆက်)