မိုင်းယောင်း အောက်တိုဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများအနေဖြင့် Home Garden အိမ်ယာစိုက်ခင်းစိုက်ပျိုးနိုင်ရေး မျိုးစေ့များ ဝယ်ယူဖြန့်ဖြူးရေးအတွက် ယနေ့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Home Garden အိမ်ယာစိုက်ခင်းစိုက်ပျိုးနိုင်ရေး မျိုးစေ့များ ဝယ်ယူဖြန့်ဖြူးရေးအတွက် ဦးစိုင်းထွန်း (Pyi Kyaw Hein Gems Co.,Ltd)မိသားစုမှ အလှူငွေ(၃၀၀၀၀၀/-) သုံးသိန်းကျပ်ကို (ဒုတိယအကြိမ်)ပေးအပ်လှူဒါန်းရာ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက လက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။
မိုင်းယောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကာလများအတွင်း ပြည်သူများ မိမိတို့၏ နေအိမ်ဥယျာဉ်ခြံ၊ အိမ်ယာများအတွင်း Home Garden အိမ်ယာစိုက်ခင်း စိုက်ပျိုးပြီး လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို ခူးယူစားသုံးနိုင်ရေးနှင့် ဈေးသို့သွားရောက်ခြင်းမှ လျှော့ချနိုင်ရေးအတွက် ရာသီအလိုက် သီးနှံမျိုးစေ့များဖြစ်သည့် ဆလတ်၊ နံနံ၊ ကိုက်လံ၊ ဖရုံ၊ ခရမ်း၊ သခွား၊ ပဲအမျိုးမျိုး၊ ဂေါ်ဖီ၊ ခရမ်းချဉ်၊ ငရုပ်၊ ပြောင်း၊ ပဲလင်းမြွေ၊ ရုန်းပတီ၊ မုန်ညှင်းစေ့အမျိုးမျိုး၊ မုံလာနှင့် အခြားသီးနှံမျိုးစေ့အမျိုးမျိုးကိုလည်း အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဖြန့်ဖြူးပေးကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)