ဒဂုံဆိပ်ကမ်း မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ(၂)နာရီက ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်က အစည်းအဝေးကို တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်း လိုအပ်ချက်များကို ကဏ္ဍအလိုက် အသီးသီးပေါင်းစပ်ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ကြရန်၊ သဘာဝ ဘေးအန္တရာယ်နှင့်ပတ်သက်၍ သတိပြုလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မိမိရပ်ကွက်၊ ဒေသအတွင်းဖြစ်ပေါ်နေသည့် ထူးခြားဖြစ်စဥ်သတင်းများကို အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန်၊ ရပ်ကွက်/ကျေးရွာများတွင် Mask Campaign များ ဆောင်ရွက်ကြရန်၊ ရပ်ကွက်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ကြေငြာပေးရန်စသည်ဖြင့် ဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး မြတ်သူရွှေက သဘာဝဘေးနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ စာရင်းဇယားများတောင်းခံပါက အချိန်နှင့်တစ်ပြေးညီ တင်ပြ ဆောင်ရွက်နိုင်ရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ပညာရေးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံ လက်ခံဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း၊ ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ရပ်ကွက်/ကျေးရွာ၊ အုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်များတွင် လိုအပ်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အေးမဥ္ဇူ