မိုင်းယု မေ ၁၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရန်အတွက် “ကျောင်းနေအရွယ် ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” မြေစိုက်ပိုစတာ စုပေါင်းစိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်းရှေ့တွင် စုပေါင်းစိုက်ထူခဲ့ကြသည်။
“ကျောင်းနေအရွယ် ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” မြေစိုက်ပိုစတာ စုပေါင်းစိုက်ထူမှုကို ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးရှိုင်းပိုင်မှူး၊ နယ်မြေခံစခန်းမှူး ရဲအုပ် နိုင်နိုင်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့ဦးစီးမှူး ဦးအောင်ပြည်စိုး၊ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြသန်း၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမ များနှင့် ကျောင်းသားကျောင်းသူများက တက်ရောက်ကာ စိုက်ထူပေးခဲ့ကြသည်။
၂၀၂၃ခုနှစ်၊ မေလ(၂၃) ရက်နေ့မှ မေ(၃၁)ရက်နေ့အထိကို တစ်နိုင်ငံလုံးအနေဖြင့် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ်သတ်မှတ်ကြပြီး ကျောင်းသားမိဘပြည်သူများအနေဖြင့် မိမိတို့၏ သားသမီးများကို ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ်ကာလတွင် ကျောင်းအမြန်အပ်နှံကြရန် တစ်နိုင်ငံလုံးရှိ ကျောင်းများတွင် နှိုးဆော်ထားကြကြောင်း သိရသည်။
ကိုကိုနိုင်