မိုင်းငေါ့ မေ ၁၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အပျင်းပြေစေပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူ ဒေါ်မြင့်မြင့်သွယ်က စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့်ပြိုင်ပွဲ စည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲအား ကျင်းပခဲ့ရာ ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)အမှတ်(၇)မှ “ကျန်းမာရေး အလေးထားဂရုပြုပါ” ခေါင်းစဉ်ဖြင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင် ဆုရ ကျောင်းသား၊ ကျောင်းသူများ နှင့် ပြိုင်ပွဲဝင်းများအား မြို့နယ်ဦးစီးမှူးမှ အမှတ်တရဆုလက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်သွယ် ( မိုင်းငေါ့ ပြန်/ဆက်)