မိုင်းဖြတ် အောက်တိုဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် အထက(မိုင်းဖြတ်)နှင့် အထက(ဟိုနား)ကျောင်းတို့ တွင် Facility Quarantine ခံယူနေသူ ၇ ဦးထံမှ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်အား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဓာတ်ခွဲကျွမ်းကျင်-၃ဒေါ်အိသက်မွန်က ယနေ့ နံနက် ၉နာရီ အချိန်ခန့်ကရယူခဲ့ပြီး ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်စစ်ဆေးထားကြောင်း သိရသည်။
အဆိုပါ Facility Quarantine ခံယူနေသူ ၇ဦးမှာ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် ပါဝင်ဆောင်ရွက်ကြမည့်သူများဖြစ်ရာ အခြားဒေသမှ ပြန်လည်ရောက်ရှိလာသည့်အတွက် Facility Quarantine ခံယူနေသူများဖြစ်သည်။ ၎င်းတို့၇ဦး၌ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းစသည့် ရောဂါလက္ခဏာများ တစ်စုံတစ်ရာမရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။
မိုင်းဖြတ်မြို့နယ်တွင် Facility Quarantine Centre ကို အထက(မိုင်းဖြတ်)နှင့် အထက(ဟိုနား) ကျောင်းတို့တွင် အသွားအလာကန့်သတ်ခြင်းဖြင့် ဆောင်ရွက်ထားရှိပြီး စက်တင်ဘာလ ၂၅ရက်နေ့မှစ၍ အောက်တိုဘာလ ၆ရက်နေ့အထိ အထက(မိုင်းဖြတ်)တွင် အမျိုးသမီး၂၁ဦး၊ အထက(ဟိုနား)တွင်အမျိုးသား ၂၄ဦး စုစုပေါင်း၄၅ဦး ထားရှိရာ ကျန်ရှိသူများကိုလည်း အာခေါင်နှင့်နှာခေါင်းတို့ဖတ်များ ရယူစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)