တပ်ကုန်း မေ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပ လျက်ရှိရာ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့် “ခေါင်းဆောင်မှုအတွေး၏အရေးပါမှု” စာအုပ်ကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။
စာဖတ်ပိုင်းတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည်(မောင်ကြည်မူ-ပျဉ်းမနား)၊ အဖွဲ့ဝင် ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင်-တပ်ကုန်း) တို့က စာပေဝါသနာပါသူများနှင့်အတူ ပညာနှင့်တူသော အလင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ အောင်ပွဲနှင့်စည်းရုံးရေး၊ လူမှုဆက်ဆံရေးအရည်အသွေး၊ သည်းခံခြင်း၏ အကျိုးကျေးဇူး၊ အများ၏ ယုံကြည်မှု၊ သုတရသမျှဝေနည်း၊ အတွေး၏ အရေးပါမှုခေါင်းစဉ်များနှင့် အခြားဗဟုသုတများ အပြန်အလှန်ဆွေးနွေးခဲ့ကြ သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်းများကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်