သိန္နီ မေ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကိတ်မုန့်မျိုးစုံ ပြုလုပ်နည်း သင်တန်းကို ယနေ့ နံနက်ပိုင်း အချိန်က စတင်ကာ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။
ထိုသို့ ဖွင့်လှစ်သင်ကြားပေးရာတွင် မွေးနေ့ကိတ်အပါအဝင် ကိတ်မုန့်အမျိုးအစား (၈)မျိုး ပြုလုပ်နည်းများအား သင်ကြားပေးခြင်းဖြစ်သည်။ အဆိုပါသင်တန်းတွင် သိန္နီမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု (၆) အုပ်စုမှ သင်တန်းသူ (၂၀)ဦး တက်ရောက် သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ မေလ (၁၆) ရက်နေ့မှ (၃၀) ရက်နေ့အထိ (၁၅) ရက်တာ ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်သည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း များရရှိရန်၊ ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေပြီး အသက်မွေးဝမ်းကျောင်း ပညာများရရှိကာ တစ်ပိုင်တစ်နိုင် အိမ်တွင်းမှု ထုတ်ကုန်လုပ်ငန်းများမှသည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအထိ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)