လှည်းကူးမြို့နယ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ Test Kit ဖြင့်  စစ်ဆေးမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

လှည်းကူး          အောက်တိုဘ  ၆

ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့အစပ်နေရာဖြစ်သော ရန်ကုန်-ပဲခူးလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၃၂)ရှိ လှည်းကူးမြို့နယ် မင်းလွင်ကုန်းကျေးရွာ ဝမ်းဘောဒတ်တံတားအနီးတွင် ရန်ကုန်တိုင်းဒေသကြီးဘက်မှ ပဲခူးတိုင်းဒေသကြီးအပါအဝင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဖြတ်သန်းသွားလာမည့် ကုန်တင်ယာဉ်များပေါ်ရှိ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမရှိစေရန် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ Test Kit ဖြင့် ပူးပေါင်းစစ်ဆေး လျက်ရှိရာ အောက်တိုဘာ(၅)ရက် နံနက်(၆)နာရီခွဲမှ နေ့လည် ၁၂ နာရီခွဲအချိန်ထိ ကုန်တင်ယာဉ်(၃၅)စီး စစ်ဆေးခဲ့ပြီးချိန်တွင်  ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ သူ(၄)ဦးနှင့် ထိစပ်သူ(၂)ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ကာလအတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရန်နှင့် ရောဂါကူးစက်ပျံ့နှံမှု မရှိစေရန် ယခုလို ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ စစ်ဆေးတော့ အချိန်တိုအတွင်း ထိန်းချုပ်နိုင်ပါတယ်၊ စစ်ဆေးတဲ့အခါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရင် မိသားစုအတွက် ကျန်းမာရေးနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်လို့ရတယ် မိသားစုကိုလည်း ရောဂါကူးစက်မှုမှ ကာကွယ်နိုင်တယ်၊  လမ်းကြောင်းတစ်လျှောက် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခြင်းကြောင့် အချိန်တိုအတွင်း ဆေးစစ်အဖြေရရှိကာ သွားလိုသည့်ခရီးကိုလည်း အမြန်ဆုံးထွက်ခွာသွားလာနိုင်ပြီး ကျန်းမာရေးအရလည်း ကောင်းမွန်ပြီးတော့ ကုန်စည် စီးဆင်းမှုမှာလည်း များစွာအထောက်အကူပြုပါတယ်၊ ဝမ်းဘောဒတ်တံတားကနေ ဇရပ်ကွင်းသံလမ်းနားထိ ကုန်တင်ယာဉ် အစီးရေ(၂၀၀)နီးပါးလောက် ယာဉ်ကြောပိတ်ဆို့မှုတွေရှိနေတော့ ကိုဗစ်-၁၉ ကာလမှာဆိုတော့ သွားရေး လာရေး အခက်အခဲရှိပါတယ်၊ တစ်ခါတစ်လေ (၄)ရက်၊(၅)ရက်ထိ စောင့်ဆိုင်းရတာမျိုးလည်းရှိပါတယ်ဟု ခရီးသွား တစ်ဦးထံမှ သိရသည်။

အဆိုပါ စစ်ဆေးမှုကို အောက်တိုဘာ(၄)ရက်နေ့မှစတင်ကာ နေ့စဉ်နံနက်(၆)နာရီခွဲမှ ည(၁၁)နာရီခွဲခန့်အထိ Test Kit ဖြင့်စစ်ဆေးခဲ့ရာ တစ်နေ့ကို ကုန်တင်ယာဉ်စီးရေ(၁၀၀)ခန့်၊ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ပါလာသူ ၂၂၀ ဦးခန့်တို့ကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် မြို့နယ်ကျန်းမာ ရေးဝန်ထမ်း တို့ ပူးပေါင်း၍ Test Kit များဖြင့် ကျန်းမာရေးစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)