သံတွဲခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

သံတွဲ မေ ၁၆

သံတွဲခရိုင် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့အရေးပေါ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးမျိုးချစ်က အဖွင့်အမှာစကားပြောကြားရာတွင် မိုခါမုန်တိုင်းဘေးအန္တရာယ် ကျော်ဖြတ် သွားပြီးဖြစ်ပါကြောင်း၊ သဘာဝဘေးမဖြစ်မီ ကော်မတီအဖွဲ့များ ပူးပေါင်းကြိုတင်ပြင်ဆင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုနည်းပါးခဲ့ပါကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီးဖြစ်သည်။ ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီများအနေဖြင့်  မိမိတို့မြို့နယ် အတွင်းပျက်စီးဆုံးရှုံးမှု စာရင်းများကို ပြည်စုံးစွာပြုစု၍ ယနေ့မွန်းလွဲ ၂ နာရီအရောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့သို့ ပေးပို့ကြရန်နှင့် ပျက်စီးများသော ကျေးရွာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ပူးပေါင်း၍ ကွင်းဆင်းပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကြိုပြင်ဆင်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။  

၎င်းနောက်သံတွဲခရိုင် သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်က ကယ်ဆယ်ရေးနှင့်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းဆိုင်ရာများကို တင်ပြဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး လုပ်ငန်းကော်မတီဝင်များက ကော်မတီအလိုက် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။ ဆက်လက်၍ ဌာနဆိုင်ရာများက မိမိတို့ဌာန အဆောက်အဦများ ပျက်စီးမှုအခြေအနေများကို တင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)