ဇေယျာသီရိ မေ ၁၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် မေလ ၁၄ ရက်နေ့က လေပြင်းတိုက်ခတ်ပြီး ယူကလစ်ပင်လဲကျရာမှ ထိခိုက်ပျက်စီးခဲ့သည့် ဇေယျာသီရိမြို့နယ်၊ အောင်ဇေယျရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) သို့ ယနေ့နံနက်ပိုင်းက လာရာက်ကြည့်ရှုစစ်ဆေးခဲ့သည်။ လာရောက်ကြည့်ရှုစစ်ဆေးရာတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတင်မောင်ဆွေတို့သည် တာဝန်ရှိသူများနှင့်အတူ ရောက်ရှိလာပြီး လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ဆောင် ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ဇေယျာသီရိခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် မြို့နယ်ပညာရေးမှူး ဦးခင်မောင်လွင်တို့က ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရေဆင်းကျေးရွာအုပ်စု၊ ရေဆင်းကျေးရွာ၊ ရေဆင်းဆည်တမံပေါ်ရှိ ရှင်းလင်းဆောင်သို့ ရောက်ရှိလာပြီး မိုးရွာသွန်းမှု အခြေအနေနှင့် ရေဆင်းဆည်အတွင်း ရေဝင်ရောက်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ နေပြည်တော် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်က မိုးရွာသွန်းမှုအခြေ အနေများ၊ ဆည်အတွင်း ရေဝင်ရောက်မှု အခြေအနေနှင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ကြိုတင်ပြင်ဆင် ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)