ဝမ်းတွင်းမြို့နယ် လိပ်တက်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့်  ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများအား  ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ  မေ ၁၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် လိပ်တက်ကျေးရွာတွင် မြစိမ်းရောင်း ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများအား ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် လိပ်တက်ကျေးရွာတွင် ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ ၊ ကုန်ထုတ်လုပ်ငန်းများ၊ အရောင်အဝယ်လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်ထားမှုအခြေ အနေများနှင့် ငွေစာ ရင်း ထိန်းသိမ်းနည်းပုံစံများကို မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် တာဝန်ရှိသူများက  ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ ရေရှည်တည်တံ့အောင် ဆောင်ရွက်သွားရန် ဆွေးနွေးပြော ကြားခဲ့သည်။

အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် လိပ်တက်ကျေးရွာတွင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၉၄ ဦးအတွက် ငွေကျပ် ၃၅.၄၅သန်း၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ ၁၂ ဦးအတွက် ငွေကျပ် ၅.၄သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၉ ဦးအတွက် ငွေကျပ် ၃.၈သန်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ ၁၆ ဦးအတွက် ငွေကျပ်၄.၈သန်းတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)