သီပေါ အောက်တိုဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၏ အထင်ကရ ဘာသာရေးပွဲတော်တစ်ခု ဖြစ်သည့် ရှေးနှစ်ပေါင်း ၁၅၀ကျော်က အစဉ်အလာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သော မဟာမြတ်မုနိဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၅)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းပွဲတော်ကြီးကို ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် ယခုနှစ်တွင် လူစုလူဝေးနှင့် ကျင်းပမည်မဟုတ်ကြောင်း မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တမိလိန္ဒ အရှင်သူမြတ်နှင့် မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းထံမှ သိရသည်။
သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် မြို့နယ်ကိုဗစ်−၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကြီးမှူး၍ မြို့နယ်အဆင့်ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပရဟိတကွန်ရက် အဖွဲ့များက စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ လူစုလူဝေးဖြစ်စေမည့် ပွဲလမ်းသဘင်များကို ကျင်းပမည်မဟုတ်ဘဲ ရိုးရာအစဉ်အလာမပျက် မြို့နယ်သံဃနာယကဆရာတော်ကြီးများနှင့် မြို့နယ်သြဝါဒါ ဆရာတော်ကြီးများက မဟာမြတ်မုနိဘုရားကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီးဆွမ်းများကို ဆက်ကပ်လှူဒါန်းမည်ဖြစ်ပြီး သဒ္ဒါကြည်လင် ပါရမီရှင်များအနေဖြင့် ဝါကျွတ်ဒါန လှူဒါန်းလိုပါက သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ သွားရောက် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)