တာမွေမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်

တာမွေ မေ ၁၆

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ စျေးတာဝန်ခံများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များနှင့် မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ စျေးများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးခဲ့ကြသည်။

ထိုကဲ့သို့ တာမွေမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခြင်များခိုအောင်းနိုင်ခြင်းမရှိစေရေးအတွက် ချုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ခြင်ဆေးများမှုတ်ပေးခြင်း၊ ခြင်များပေါက်ဖွားနိုင်သည့် ရေတင်ကျန်နိုင်သော ဗူး၊ ခွက်၊ တာယာဟောင်းများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများနှင့် Box Culvert များအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ ရေစည်၊ ရေအိုးများနှင့် မီးသတ်ကန်များ/ ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှု ကင်းဝေးစေရေးအတွက် အဘိတ်ဆေးများ လိုက်လံခတ်ပေးခြင်း စသည်ဖြင့် သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှ ကင်းဝေးစေရေးအတွက် အထူးအလေးထား ဆောင်ရွက်ပေးခဲ့ ကြသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကိုက်ခံရရာမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပြီး ကပ်ရောဂါအသွင်ဖြစ်ပွားမှုမှာ နှစ်နှစ်လျှင်တစ်ကြိမ် (သို့မဟုတ်) သုံးနှစ်လျှင်တစ်ကြိမ် ဖြစ်ပွားလေ့ရှိကြောင်း၊ မြန်မာနိုင်ငံ၌ ၂၀၀၇၊ ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၅ ခုနှစ်များတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုနှုန်း များပြားခဲ့တာကြောင့် အခုလိုမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

နိုင်လင်းအောင်(တာမွေ)