မြောင်းမြ မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မြစိမ်းရောင်တောင်ပေါ်တွင် ယမန်နေ့နံနက် ၁၀:၃၀ နာရီအချိန်က မြို့နယ်အတွင်းရှိကျေးရွာများမှ လေဘေးသင့်အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများနှင့်ထောက်ပံ့ငွေများပေးအပ်သည့် အခမ်းအနားကျင်းပခဲ့သည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က လေဘေးသင့် အိမ်ထောင်စုများကို အားပေးစကား ပြောကြားခဲ့သည်။
ထိုနောက် ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့က ဗမော်သုံးခွကျေးရွာ၊ ကညင်ကုန်းကျေးရွာ၊ အတွင်းလေးဘက်သွားကျေးရွာ၊ အထက်ဝဲဒေါင့်ကျေးရွာ၊ ကံ့ကော်စုကျေးရွာ၊ ဝါးနက်ချောင်းကျေးရွာ၊ ရွာသာကြီးကျေးရွာတို့မှ လေဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ထို့အတူ အိမ်မဲမြို့နယ်တွင်လည်း လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ မြို့နယ်များရှိ လေဘေးသင့်အိမ်ထောင်စုဝင်များအား သက်ဆိုင်ရာတာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများကို လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိ ကြောင်းသိသည်။
ဝေဝေ (မြောင်းမြ)