မော်လမြိုင်ခရိုင် လူထုအခြေပြုဌာနခန်းမ၌ ၃၈ ဖြာမင်္ဂလာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မော်လမြိုင် မေ ၁၅

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ယဥ်ကျေးလိမ္မာသောလူငယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ မွန်ပြည်နယ် YMBA အသင်းနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၃၈ ဖြာမင်္ဂလာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဌာနခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး မွန်ပြည်နယ် YMBA အသင်းတွဲဖက်ဥက္ကဋ္ဌ ဦးအောင်မိုးက မင်္ဂလာယဉ်ကျေးလိမ္မာ သင်တန်းများ ဖွင့်လှစ်ခြင်းကို အလေးထား၊ ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်အသီးသီးတွင်ရှိသော ဘုန်းတော်ကြီးကျောင်းများ၊ မူလတန်း၊ အလယ်တန်းကျောင်းများမှာ စာဖြေဌာနများ ဖွင့်လှစ်လျက်ရှိပြီး မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးမှာလည်း နှစ်စဉ်သင်တန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး စာမေးပွဲများ ကျင်းပပေးခြင်းများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း လိမ္မာသော သားငယ်၊ သမီးငယ်လေးများဖြစ်အောင် ကြိုးစားသင်ယူသွားကြရန် အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးညွန့်နိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြ၍၊ သင်တန်းနှင့် ပက်သက်သော ကျောင်းသားကိုင် စာအုပ်များအား YMBA အသင်း ဒုတိယဥက္ကဋ္ဌ ဦးကိုကိုလေးက ကျောင်းသား၊ ကျောင်းသူများအားပေးအပ်ခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းကို ကျောင်းသား၊ ကျောင်းသူ (၃၀) ဉီးဖြင့်၊ မေလ ၁၅ ရက်နေ့မှ မေလ ၂၁ ရက်နေ့အထိ (၇) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)