ကွတ်ခိုင် မေ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် စာအုပ်၊ စာပေချစ်မြတ်နိုးသူများ တိုးပွားလာစေရန်အတွက် စာပေဝါသနာရှင် (Book club)၊ (Woman club) အသင်းဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲအား ယမန်နေ့ နံနက် (၁၀:၃၀)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ စာဖတ်ဝိုင်းတွင် ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ် ဌေးဌေးဝင်းက စာပေဝါသနာရှင်များ၊ စာဖတ်ဝါသနာရှင်များ တိုးပွားလာစေရန်၊ စာအုပ်စာစောင်များမှ ရရှိလာသည့် ဗဟုသုတများအား စာဖတ်သူအချင်းချင်း ချစ်ခင်ရင်းနှီးစွာ နှီးနှောဖလှယ်နိုင်စေရန်နှင့် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် (Book club) အသင်းသူ/သားများမှတဆင့် ပြည်သူများထံသို့ ဗဟုသုတများ ပြန်လည်မျှဝေပေးနိုင်ကြစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြာခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူ (Book Club) အသင်းသူ/သားများက စာရေးဆရာ "မောင်(ဆေး-၁)" ၏ “လှသော မွှေးသော ပန်းနှင်းဆီ ” စာအုပ်ဖြင့် စာဖတ်သူအချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြရာ (Book club)အသင်းမှ ဒေါ်အေးမှုံက အခန်း(၂) “အမျိုးသမီးတိုင်းလိုလို ကြုံတွေ့ရတဲ့ပြဿနာ (သို့မဟုတ်) အဖြူဆင်းခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book club)အသင်းမှ ဒေါ်မေမြတ်မွန်က အခန်း (၁၀) “အရွယ်ရောက်သူတိုင်းသိထားသင့်တဲ့ Kegel Exercise” ခေါင်းစဉ်ဖြင့်လည်းကောင်း အပြန်အလှန် ဆွေးနွေးသွားကြသည်။ ထို့နောက်စာဖတ်သူအချင်းချင်း မိမိတို့ ဖတ်ရှုထားသည့် အကြောင်းအရာများကိုလည်း အပြန်အလှန် ဆွေးနွေးသွားကြကြောင်း သိရသည်။ အဆိုပါ “လှသောမွှေးသောပန်းနှင်းဆီ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကြောင့် အိမ်ထောင်မရှိသူ၊ အိမ်ထောင်သည်၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင် စသည့် အမျိုးသမီးတိုင်းနှင့် သက်ဆိုင်သည့် ကျန်းမာရေးဗဟုသုတများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိရသည်ဟု စာဖတ်ဝိုင်း ဆွေးနွေးသူတစ်ဦးထံမှ သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)