သင်္ဃန်းကျွန်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျမှုများအားရှင်းလင်းဆောင်ရွက်

သင်္ဃန်းကျွန်း မေ ၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ယမန်နေ့ညနေ ၁၆း၄၅ အချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လေးဒေါင့်ကန်ရပ်ကွက်၊ လက်ဆယ်ကန်၌  သစ်ပင်၊ သစ်ကိုင်းများ ကျိုးပဲ့ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သဖြင့် လမ်းပိတ်ဆို့မှုမရှိစေရေး တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 ထိုသို့ဆောင်ရွက်ရာတွင်  လမ်းပိတ်ဆို့မှုများမရှိ‌စေရေး၊ ထိခိုက်မှုများမရှိစေရေးအတွက် သင်္ဃန်းကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးလှမျိုးနှင့်အဖွဲ့ဝင်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)မှ ကျောင်းသား(၅၀)ဦး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ၊ ပရဟိတအသင်းများမှပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ဖယ်ရှား ရှင်းလင်းဆောင်ရွက်ပေးခဲ့​သည်။

အဆိုပါ သစ်ပင်လဲကျမှုကြောင့် လူ၊ တိရစ္ဆာန်နှင့် နေအိမ်အဆောက်အဦ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)