သာစည် မေ ၁၅
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မေ ၁၄ ရက်ည ၁၁ နာရီခွဲကျော်ခန့်က မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၃ လုံးနှင့် စာသင်ဆောင်တစ်ဆောင် အမိုးလန် ပျက်စီးပြီး ကျေးရွာချင်းဆက်လမ်းနှင့် ရေကျော်ပြွန်တံတား ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ဟံဇားကျေးရွာအုပ်စုဟံဇားကျေးရွာတွင် လူနေအိမ် ၂ လုံးနှင့် အမက(၁) ကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင်တစ်ဆောင်၊ ဆင်တောင်ကျေးရွာအုပ်စုဆင်တောင်ကျေးရွာတွင် လူနေအိမ်၃ လုံးနှင့် ဆင်တောင်ကျေးရွာအုပ်စု စေတီတောင်ကျေးရွာတွင် လူနေအိမ် ၈ လုံးတို့ အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။ အလားတူ လယ်ပြင်ကျေးရွာအုပ်စု ပင်မုန်းကျေးရွာနှင့် ပထမလွန်းထိုးကြား ကျေးရွာချင်းဆက်လမ်း အလျား ၃၀၀ ပေနှင့် အနံ ၁၅ ပေခန့် ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့ပြီး ပင်မုန်းကျေးရွာ အဝင်ရေ ကျော်ပြွန်တံတားအလျား ၁၅ ပေအနံ ၁၂ ပေနှင့်အမြင့် ၁၅ ပေပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ ကျေးရွာချင်းဆက်လမ်းနှင့် ရေကျော်ပြွန်တံတားပျက်စီးမှုတို့အား ဒေသခံပြည်သူများနှင့် အာရှကမ္ဘာမြေစက်မှုနှင့် သတ္ထုတူးဖော်ရေး ကုမ္ပဏီတို့က ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့် လေဘေးသင့်အိမ်ထောင်စု မိသားစုဝင်များအား ၎င်းတို့၏ နီးစပ်ရာ ဆွေမျိုးများ နေအိမ်သို့ ခေတ္တပြောင်းရွှေ့ထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)