တောင်ကြီး မေ ၁၅
တောင်ကြီးမြို့တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ယနေ့ နံနက်ပိုင်းက သစ်ပင်လဲကျ၍ လျှပ်စစ်ဓာတ်မီးတိုင် (၅)တိုင် လဲကျပျက်စီးခဲ့ကြောင်း သိရသည်။
မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘုရားဖြူရပ်ကွက်၊ နယ်မြေ(၁၀)၊ ထီသိမ်ရေထွက်အနီး ဘုရားဖြူရပ်ကွက်နှင့် ပန်းတင်ကျေးရွာအုပ်စု ရေတံခွန်ကျေးရွာဆက်သွယ်ထားသော လမ်းဘေးတွင် သစ်ပင်ကျိုးကျ၍ လျှပ်စစ်ဓာတ်မီးတိုင် လဲကျပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး (၅၀၀၀၀၀/-)ရှိကြောင်း၊ ချမ်းသာရပ်ကွက်၊ သိမ်တောင်ဘုန်းကြီးကျောင်းဝန်းအတွင်းတွင် သစ်ပင်လဲကျမှုကြောင့် လျှပ်စစ်မီးတိုင်(၄)တိုင် ကျိုးကျပျက်စီးခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး (၈၀၀၀၀၀/-) ကျပ် ပျက်စီးဆုံးရှုံးခဲ့သဖြင့် စုစုပေါင်း ပျက်စီးဆုံးရှုံးမှု တန်ဖိုးငွေ(၁၃၀၀၀၀၀/-)ကျပ်ဖြစ်ကြောင်း သိရပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားသည့် နေရာများသို့ မြို့နယ်သဘာဝဘေးကော်မတီမှ ဦးဆောင်ပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဆသရ(၂၁၂)မှ ဗိုလ်မှူးဝင်းထိုက် ဦးစီးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများမှ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဝိုင်းဝန်းရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)