မန့်ဟီးရိုး မေ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့သည် မြန်မာ-တရုတ်နယ်စပ် မြို့လေးဖြစ်ပြီး မွေးမြူရေးနှင့် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်သော ရွှေလီမြစ်ဝှမ်းလွင်ပြင်ဒေသတွင် တည်ရှိလျက် ရာသီရှည်သီးနှံအပြင် ရာသီတို သီးနှံများကို အဓိကထား စိုက်ပျိုးလုပ်ကိုင်ကြပါသည်။ ဒေသထွက်ရာသီတို စိုက်ပျိုးသီးနှံဖြစ်သော ကြက်သွန်နီစိုက်ပျိုးမှုသည် ယခင်က မိသားစုစားသောက်ရုံသာ တနိုင်တပိုင် စိုက်ပျိုးခဲ့ကြသော်လည်း ယခုအခါတွင် တခြားမြို့နယ်များသို့ တင်ပို့ရောင်းချရန်အထိ အဓိက စီးပွားဖြစ် စိုက်ပျိုးသီးနှံအဖြစ် တိုးချဲ့ စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြပါသည်။
အဆိုပါ ဒေသထွက်ကြက်သွန်နီစိုက်ပျိုးမှုသည် ကြက်သွန်နီစိုက်ခင်း တစ်ဧကလျှင် ပိသာချိန် (၃၅၀၀)မှ ပိသာ(၄၀၀၀)အထိ ထွက်ရှိအောင်မြင်ဖြစ်ထွန်းလျက်ရှိကာ စိုက်ပျိုးချိန်မှ ကြက်သွန်နီ သီးလုံးရင့်သန်ချိန်အထိ (၄)လကျော်ခန့် စိုက်ပျိုးရပြီး စနစ်တကျ စိုက်ပျိုးမြေဘောင်တင်ပြုလုပ်လျက် မြေအောက်ရေအပြင် ရှေလီမြစ်ရေကို ရေတင်စက်များဖြင့် ကြက်သွန်နီပျိုးခင်းများသို့ ပတ်ဖျန်းစေကာ တိုးချဲ့စိုက်ပျိုး လုပ်ကိုင်လျက်ရှိပါသည်။ ထို့အပြင် ကြက်သွန်နီသည် ရေကို သင့်တင့်ရုံမျှသာ သောက်သုံးပြီး ပျိုးပင်ပေါက်ချိန်တွင် ပျိုးပင်စိုက်ခင်းအတွင်း ရေဝပ်သည်အထိ ရေအရမ်းမကြိုက်သော သီးနှံဖြစ်သောကြောင့် ဂရုတစိုက် ရေသွင်းစိုက်ပျိုးရ၍ ကြက်သွန်နီသီးလုံးရင့်သန်ချိန်တွင် ရေကိုဝသည့်အထိ နောက်ဆုံးရေအဖြစ် စိုက်ခင်းကို ရေသွင်းပေးထားရပါသည်။ ယင်းအပြင် ကြက်သွန်နီသီးလုံးရင့်သန့်ချိန်တွင်လည်း ရာသီဉတုကို ချင့်ချိန်တွက်ဆလျက် မိုးရာသီမဝင်ခင်အမှီ ရိတ်သိမ်းရပြီး ကြက်သွန်နီဉသည် မိုးပေါက်ထိမှန်း၍ မရသောကြောင့် ဈေးကောင်းမရရှိနိုင်ကြောင်းကို မန့်ဟီးရိုးဒေသ ကြက်သွန်နီစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ ယခုကြက်သွန်နီကာလဒေသပေါက်ဈေးအရ ကြက်သွန်နီ(အလုံးကြီး) တစ်ပိသာလျှင် မြန်မာငွေ(၃၅၀၀) ကျပ်နှင့် တရုတ်ငွေ ယွမ်(၁၀)နီးပါးခန့်၊ ကြက်သွန်နီ (အလုံးသေး) တစ်ပိသာလျှင် မြန်မာငွေ (၃၀၀၀)ကျပ်နှင့် တရုတ်ငွေ (၇)ယွမ်ကျော်ဖြင့် ရောင်းချရပြီး တခြားသော မြို့နယ်များသို့ လက်လီဈေးအပြင် လက်ကားဈေးဖြင့်လည်း တင်ပို့ရောင်းချရောင်းချရသောကြောင့် ဒေသခံတောင်သူများ မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိပါသည်။
မန့်ဟီးရိုးမြို့တွင် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများထက် စိုက်ပျိုးရေးကို အဓိကထား စီးပွားဖြစ် လုပ်ကိုင်လျက်ရှိပြီး ဒေသထွက် စိုက်ပျိုးသီးနှံများဖြစ်သော ရှမ်းဆန်၊ ရှမ်းပြောင်း၊ မုန့်ညှင်း၊ မုန်လာဉဖြူ၊ ပန်းဂေါ်ဖီ၊ ကိုက်လန်ပင်နှင့် အခြားဟင်းသီးဟင်းရွက်များကို တွင်တွင်ကျယ်ကျယ် စိုက်ပျိုးလျက်ရှိကာ စီးပွားဖြစ် ကြက်သွန်နီများနှင့် စတော်ဘယ်ရီကို လက်ရှိတိုးချဲ့ စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။
မန့်ဟီးရိုး(ပြန်/ဆက်)