ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်၊ သစ်ကိုင်းများ ကျိုးကျ၊ တာဝန်ရှိသူများမှ ရှင်းလင်းဆောင်ရွက်

ဆိပ်ကြီးခနောင်တို မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယမန်နေ့ နံနက်ပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်ရပ်ကွက် များအတွင်းရှိ သစ်ပင်၊ သစ်ကိုင်းအချို့ကျိုးကျ‌မှုဖြစ်ပွား၍ လမ်းများပိတ်ဆို့မှုမရှိစေရေး တာဝန်ရှိသူများမှ အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက မုန်တိုင်းအရှိန်ဖြင့် မိုးသက်လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့၌ သက်တမ်းရင့် သစ်ပင်၊ သစ်ကိုင်းများကျိုးကျမှုဖြစ်ပွားရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်အုပ်ချုပ်ရေးမှူးဦးဆောင်၍ ပန်းဥယျာဉ်ဌာနဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်ဌာနဝန်ထမ်းများ၊ ဒေသခံလုံခြုံ‌ရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ သွားရောက်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါ သစ်ပင်၊ သစ်ကိုင်းများ ကျိုးကျမှုကြောင့် လူနေအိမ်များ၊ လူနှင့် တိရိစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။

မြို့နယ်တာဝန်ရှိသူများမှလည်း ထပ်မံ၍ ယခုကဲ့သို့ သစ်ပင်၊ သစ်ကိုင်းများကျိုးကျမှုမဖြစ်စေရေးအတွက် မြို့နယ်အတွင်းရှိ သက်တမ်းရင့် သစ်ပင်၊ သစ်ကိုင်းများ၊ လျှပ်စစ်ဓာတ်အားလိုင်းကြိုးနှင့် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများကိုလည်း ကြိုတင်၍  ခုတ်ထွင်ရှင်းလျက်ရှိကြောင်း သိရသည်။

ဝေယံ (IPRD)