စဉ့်ကူးမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ပျက်စီးပြီး သစ်ပင်၊ သစ်ကိုင်းများ ကျိုးကျ၊ ဓာတ်အားလိုင်းတိုင်များ ပြိုလဲမှုဖြစ်ပွား

စဉ့်ကူး    မေ   ၁၅

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် မေလ ၁၄ ရက်နေ့ည (၁၁)နာရီခွဲ အချိန်ခန့်က မိုခါ မုန်တိုင်းအရှိန်ကြောင့် မိုးသက်လေပြင်းတိုက်ခတ်သဖြင့် လက်ပန်လှကျေးရွာအုပ်စု၊ ရွှေပန်းတော ကျေးရွာအဝင်နှင့် ရွှေပန်းတောကွေ့၊ စဉ့်ကူး-လက်ပန်လှကားလမ်းတွင် လုံးပတ် (၁.၅)ပေ၊ အမြင့် (၃၀)ပေရှိ ကျွန်းပင်(၂)ပင်လဲကျခဲ့ကြောင်း သိရသည်။

အဆိုပါ ကျွန်းပင်များလဲကျမှုတွင် ပေါက်ကိုင်းကွေ့ကျေးရွာ၊ ပေါ်တော်မူ ဘုန်းကြီးကျောင်း အတွင်းရှိ လုံးပတ်(၄)ပေ၊ အမြင့်(၂၀)ပေရှိ ဧကရာဇ်ပင်(၁)ပင်သည် ဆွမ်းစား ကျောင်းဆောင်၊ အရွယ်အစား (၅x၃၀) ပေပေါ်သို့ လဲကျသဖြင့် (၁၀)ပေခန်း(၂)ခန်း၊ သွပ်အချပ် (၃၀)၊ ဒိုင်းနှင့် မြှားတန်း များပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်(၁၀)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ ကြောင်း၊ ရုံးပင်ကုန်းကျေးရွာ၊ အမက (ရုံးပင်ကုန်း) စာသင်ကျောင်းအနီး ကျေးရွာမီးလင်းရေး ကော်မတီပိုင် ကွန်ကရစ်တိုင် (၃)တိုင် လဲကျခဲ့ရာ ဆုံးရှုံးမှု တန်ဖိုးမှာ (၉၆၀၀၀၀)ကျပ်ခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ ဝါးရုံကုန်းကျေးရွာအုပ်စု၊ မင်းကြီးကုန်းကျေးရွာ၊ စဉ့်ကူး-လက်ပန်လှကားလမ်း တွင် လုံးပတ်(၁)ပေ၊ အမြင့်(၂ဝ)ပေရှိ ကုက္ကိုပင်(၁)ပင် လဲကျခြင်း၊ ငွေတောင်ကျေးရွာအုပ်စု၊ ရွာတော်လေးကျေးရွာ၊ မန္တလေး-မိုးကုတ်ကားလမ်း၊ မိုင်တိုင် အမှတ် (၄၅)မိုင် (၃)ဖာလုံတွင် လုံးပတ်(၅.၅)ပေ၊ အမြင့်(၄၀)ပေရှိ ယူကလစ်ပင်(၁)ပင် လဲကျမှုကြောင့် ရွှေထူးလင်း စားသောက်ဆိုင်ပိုင် အမြင့်(10M)ရှိ ကွန်ကရစ်ဓာတ်တိုင် (၂)တိုင်လဲကျခဲ့ရာ ဆုံးရှုံးမှု ခန့်မှန်း တန်ဖိုးမှာ ကျပ်(၁၅)သိန်းခန့် ရှိကြောင်း၊ ကုက္ကိုကျေးရွာအုပ်စု၊ ရွာသစ်ကလေးကျေးရွာ၊ ဦးဝင်းဇော်၏နေအိမ် အရွယ်အစား (၈)ပေခန်း၊ (၃၊၂)ခန်း၊ ထရံကာ၊ သွပ်မိုး၊ ပျဉ်ခင်း၊ သွပ်အရွယ် အစား(၃x၇)ပေရှိ သွပ်(၁၈)ချပ် အမိုးလန်ခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး (၁၄၀၀၀၀)ကျပ်ခန့် ပျက်စီးဆုံးရှုံး ခဲ့ကြောင်း၊ ညောင်ဝန်းကျေးရွာအုပ်စု၊ ညောင်ဝန်းကျေးရွာနေ ဦးထွန်းစန်း၏နေအိမ် အရွယ် အစား (၁၀)ပေခန်း၊ (၃x၂)ခန်း၊ ပျဉ်ကာ၊ သွပ်မိုး၊ ပျဉ်ခင်း၊ သွပ်အရွယ်အစား(၁၂)ပေရှိ သွပ် (၃၁)ချပ်၊ ဒိုင်း၊ မြှားတန်းများ အမိုးလန်ခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး (၈၀၀၀၀၀)ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ ကြောင်းသိရသည်။

အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လဲကျခဲ့သည့် သစ်ပင်များနှင့် ဓာတ်တိုင်များအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များ၊ သက်ဆိုင်ရာကျေးရွာရှိ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့များမှ ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့ နံနက် (၀၆:၁၁) အချိန်တွင် စတင်ရှင်းလင်းခဲ့ရာ (၀၆:၅၅) အချိန်တွင် ပြီးစီး ခဲ့ပြီ ကားလမ်းပုံမှန် ဖြတ်သန်းသွားလာလျက်ရှိကြောင်း၊  ကျန်ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ဘုရား၊ စေတီ ပုထိုးများ၊ လူနေအိမ်များ၊ အဆောက်အဦများ၊ လူ/တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှု မရှိပါကြောင်းနှင့် ပျက်စီးဆုံးရှုံးခဲ့သော လူနေအိမ်(၂)လုံးအား ကျေးရွာလူထု၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ အမြန်ပြန်လည်ပြင်ဆင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နှင့် လက်ပန်လှကျေးရွာအုပ်စုရှိ ဆွမ်းစားကျောင်းဆောင် (၁) ဆောင်အား သာသနာရေးမှူး၊ ကျေးရွာဂေါပကအဖွဲ့၊ ပြည်သူလူထုနှင့် ပူးပေါင်း၍ ပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

(မြို့နယ်ပြန်/ဆက်)