တနင်္သာရီ မေ ၁၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၏ ကျက်သရေဆောင် သမိုင်းဝင်ရာဇမင်္ဂလာ ကန်တော်အား တနင်္သာရီမြို့နယ်၊ အမှတ်(၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်ကိုယ်တိုင် ဦးဆောင်မှုဖြင့် ကန်ဘောင်ရိုးအဆင့်မြှင့်တင်ခြင်း၊ ကန်အလယ်ရှိရှင်ဥပဂုတ္တရုပ်ပွားတော်ကို ပူဇော်ရန်ဆက်သွယ်ထားသည့် သစ်သား တိုင်များအစား (၇၆ပေ-၆ပေ)အရွယ် သံကူကွန်ကရစ်တံတားအဖြစ်သို့လည်းကောင်း၊ ရှင်ဥပဂုတ္တရုပ်ပွားတော်ပူဇော်ခံ ကျောင်းဆောင်တို့ကို (၂၀ပေ-၂၀ပေ) အထိသို့လည်းကောင်း မူလ ပုံစံမပျက်စေဘဲ အဆင့်မြင့်တင်၍ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို ခန့်မှန်း ကုန်ကျငွေသိန်း(၅၃၀)ခန့်ဖြင့် ၂၀၂၃ခုနှစ်၊ ဧပြီလလယ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယနေ့အထိ လုပ်ငန်းအားလုံး၏ (၃၀)ရာနှုန်းခန့်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရာဇမင်္ဂလာကန်တော်သည် တနင်္သာရီမြို့ ချောင်းငယ်ကျောင်းတိုက်၏ မြောက်အရပ်တွင် တည်ရှိပြီး ယင်းနေရာတွင် မဟာသီရိဓမ္မသောကမင်းကြီးမှ ရေကန်တော်နှင့် စေတီတော်တို့ကို လှူဒါန်းလေသည်။ ၎င်းမှာ ချောင်းငယ်ဘုန်းတော် ကြီးကျောင်းဝင်းအတွင်းရှိ နန်းဦးစေတီနှင့် ရာဇမင်္ဂလာ ကန်တော်ပင်ဖြစ်သည်။
ထိုမင်္ဂလာကန်တော်ကို တနင်္သာရီမင်းဆက်များက ဦးခေါင်းဆေးမင်္ဂလာပြုရာတွင် အဓိက အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။ ကန်ဘောင်ရိုးအလျား(၂၀)ပေခန့်ရှိသည်။ ကန် ဘောင်အမြင့်ပေ(၁၀)ပေ၊ ပကျယ်(၂၀) ပေခန့်ရှိ၍ကန်၏အနက်မှာ(၁၀)ခန့်ရှိသည်။ ချောင်းငယ်ကျောင်းတိုက်ဆရာတော်မှ အုတ်နံရံများနှင့် ဝင်းတံခါးများကို ထိန်းသိမ်း စီမံဆောင်ရွက်ထားရှိကြောင်း သိရသည်။
၎င်းရာဇမင်္ဂလာကန်တော်အား ၁၉၇၀ပြည့်နှစ်တွင် ကန်ဆယ်ခြင်းတစ်ကြိမ်ပြုလုပ်ခဲ့သည်။ ၁၉၉၂ခုနှစ်၌ အာဏာပိုင် အဖွဲ့အစည်းများနှင့် ရပ်ကွက်နေပြည်သူလူထုလုပ်အားဖြင့် ကန်ဆယ်ခြင်း၊ ကန်အောကခြေမြေသားဘောင်များကို အုတ်ရိုးစီခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
ထို့နောက် ၂၀၁၀ခုနှစ်တွင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် အမှတ်(၃)စစ်ဗျူဟာမှူးက ဦးစီး၍ စက်ယန္တရားဖြင့် ကန်ဆယ်ခြင်း၊ ကန်ဘောင်များမွမ်းမံခြင်းနှင့် ကန်တော် အဝင်လမ်းကို အရှေ့ဘက်မှ ဖောက်လုပ်ပေးခဲ့ကြောင်း၊ အလားတူ ၂၀၁၅ခုနှစ်တွင် ကမ်းရိုး တန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဦးဆောင်၍ ကန်ဘောင်ကို ထပ်ဆင့်မွမ်းမံခြင်း၊ သစ်သာတံတားမွမ်းမံခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင်၂၀၂၁ခုနှစ်တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အမှတ်(၃) စစ်ဗျူဟာမှူး တို့က ကန်ဆယ်ခြင်း၊ ကန်ဘောင်ထပ်ဆင့်မွမ်းမံခြင်း၊ သစ် သားတံတားမွမ်းမံခြင်းတို့ကို ထပ်မံဆောင် ရွက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
ယခုအခါ နှစ်ကာလကြာမြင့လာသည်နှင့်အမျှ သစ်သားတံတားနှင့် ရှင်ဥပဂုတ္တကျောင်းဆောင်တိုသည် ဟောင်းနွမ်းယိုယွင်းနေပါသဖြင့် မူလပုံစံမပျက် ပြန်လည်ပြုပြင် မွမ်းမံတည်ဆောက်လျက်ရှိပါသဖြင့် အရပ်ဝေး/အရပ်နီးမှ စေတနာရှင် မိဘပြည်သူများအနေဖြင့် တတ်အားသရွှေ့ လူဒါန်းလိုပါက ဦးကျော်ကျော်ခေါင် (အကျိုးတော်ဆောင်) Ph;09 402955246 သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)