ညောင်ဦး မေ ၁၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မေ ၁၃ ရက်နှင့် ၁၄ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှေးဟောင်းအဆောက်အအုံများ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အာနန္ဒာဘုရားကြီးမြောက်ဘက်မုခ်ဦး အလျား (၁၂)ပေခန့်၊ အနံ(၁)ပေခွဲခန့်၊ ထု(၂)ပေခွဲခန့်ပျက်စီးခြင်း၊ ဘုရားအမှတ်(၁၄၄၄) တောင်ဘက်အောက်ခြေ ချင်မိတ်တိုး အလျား ၅ ပေခန့်၊ အနံ ၂ ပေခွဲခန့် ၊ထု ၂ ပေခွဲခန့်ပဲ့ကျခြင်း၊ တဘက်ကျဘုရားမြောက် ဘက်အောက်ခြေ ချင်မိတ်တိုး အလျား ၆ ပေခန့်၊ အနံ ၆ ပေခန့်၊ ထု ၃ ပေခန့်ပဲ့ကျခြင်း၊ ဘုရားအမှတ် (၁၄၇၄) တောင်ဘက်အောက်ခြေခုံ အလျား ၁၄ ပေခန့်၊ အနံ ၈ ပေခန့်၊ ထု ၁ ပေခန့်၊ပစ္စယာချင်မိတ်တိုး အလျား ၆ ပေခန့်၊ အနံ ၂ ပေ၊ ထု ၂ ပေခန့်ပဲ့ကျခြင်း၊ ဘုရား အမှတ် (၁၄၈၃) အောက်ခြေခုံ အလျား ၁၅ ပေခန့်၊ အနံ ၄ ပေ၊ ထု ၁ ပေခန့်ပဲ့ကျခြင်း၊ ဘုရားအမှတ် (၁၄၉၂) မြောက်ဘက်ခြမ်း ပထမပစ္စယာအောက်ခြေခုံ အလျား ၁၅ ပေခန့် ၊ အနံ ၇ ပေ၊ ထု ၄ ပေခန့်ပဲ့ကျခြင်း၊ ဘုရားအမှတ် (၁၉၆၉) မြောက်ဘက်ခြမ်း အတိုက်မ အောက်ဘုံဆင့် အလျား ၆ ပေခန့်၊ အနံ ၅ ပေ၊ ထု ၃ ပေခန့်ပျက်စီးခြင်း၊ ဘုရားအမှတ် (၁၁၄၅) စိုးမင်းကြီးဘုရား၊ အရှေ့ဘက် ခြမ်း ပထမပစ္စယာချင်မိတ်တိုး အလျား ၁၂ ပေ ခန့်၊ အနံ ၂ ပေခွဲ၊ ထု ၂ ပေခွဲခန့်ပဲ့ကျခြင်းနှင့်ကျုံး မြို့ရိုး အရှေ့ဘက်ခြမ်း အလျား ၇ ပေခန့်၊ အနံ ၅ ပေ၊ ထု ၃ ပေခွဲခန့်ပဲ့ကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်းညောင်ဦးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှဒုတိယဗိုလ်မှူးကြီးမျိုးခိုင်ဝင်းနှင့် ညောင်ဦးမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်အဖွဲ့ဝင်များမှ အနီးကပ် ကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပုဂံဌာခွဲ၊ တာဝန်ရှိသူများက ဆက်လက်မပြိုကျစေရေးအမြန်ဆုံးပြုပြင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။
ဒီပါလင်း