မဟာအောင်မြေ မေ ၁၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာမကြီး ဒေါ်နုနုကြည် (အမေ့အိမ်)တို့ ပူးပေါင်းကျင်းပသော မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီက မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဘိုဘိုဟန်က အများပြည်သူများနှင့် ကျောင်းများ စတင်ဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းနေအရွယ် ကျောင်းသား/သူများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု မရှိစေရေးတို့အတွက် အသိပညာပေး ဆွေးနွေးပွဲများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာမကြီး ဒေါ်နုနုကြည်(အမေ့အိမ်)က မူးယစ်ဆေးဝါးအန္တရာယ်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများတွင် ဖြစ်တတ်သည့် လက္ခဏာများ၊ မူးယစ်ဆေးဝါးအားသုံးစွဲခြင်း၊ ဖြန့်ဖြူးခြင်း၊ ထုတ်လုပ်ခြင်းတို့ကို ကျူးလွန်ပါက မူးယစ်ဆေးဝါး ဥပဒေပုဒ်မ(၁၆) အရေးယူခံရမည်ဖြစ်ပြီး ထောင်ဒဏ် ၅နှစ်မှ ၁၀နှစ်အထိ ချမှတ်ခံရမည် ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသည် အလွန်အန္တရာယ်ကြီးမားကြောင်းသိကောင်းစရာများ၊ မူးယစ်ဆေးဝါးဖြစ်ပေါ်လာပုံ၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးသည် တစ်မျိုးသားလုံး၏ အဓိကရန်သူဖြစ်ကြောင်း၊ မူးယစ်ဆေးသည် HIV/AIDS ရောဂါ ကူးစက်ပြန့်ပွားစေသော ရန်သူဖြစ်ကြောင်း စသည့်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
အောင်ဇော်မင်း