ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် လူငယ်နှင့်ယဉ်ကျေးမှု အသိပညာပေး Talk Show ကျင်းပ

ရန်ကင်း မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မျိုးဆက်သစ် လူငယ်လူရွယ်များသည် မြန်မာ့ယဉ်ကျေးမှုကိုနားလည်၍ လေးစားမြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ လူငယ်နှင့်ယဉ်ကျေးမှု အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က အသက်အရွယ် ကန့်သန့်ချက်တို့ ကွဲပြားနေကြ သော်လည်း အနာဂတ်ခြေလှမ်းတို့ကိုပိုင်ဆိုင်နေသူသည် လူငယ်များပင်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ နိုင်ငံ တိုင်းလူမျိုးတိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှုများရှိပြီး မြန်မာအမျိုးသား တိုင်းရင်းသားများတွင်လည်း မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု စရိုက်လက္ခဏာသည် တသီးတခြား ထင်ရှားခိုင်မာစွာရှိကြောင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို ယနေ့လူငယ်များမှ ဆက်လက် ထိန်းသိမ်းရန် တာဝန်ရှိကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ စာရေးဆရာမ မေမြတ်စန္ဒာက ယဉ်ကျေးမှုသည် တိုင်းပြည်၏ မျက်နှာစာ လည်းဖြစ်ကြောင်း၊ ရိုးရာယဉ်ကျေးမှုသည် မြန်မာ့သမိုင်းပင်ဖြစ်ကြောင်း မြန်မာ့ယဉ်ကျေးမှုနှင့် လျော်ညီစွာ ဝတ်စားဆင်ယဉ်မှု၊ နေထိုင်စားသောက်မှု၊ ပြုမူဆက်ဆံမှု၊ စာပေ၊ ဂီတ၊ သဘင်၊ ပြဇာတ် စသည့် အနုပညာများသည် လူငယ်တို့ ထိန်းသိမ်းရမည့် အရာပင်ဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ ယဉ်ကျေးမှုကို မြတ်နိုးသကဲ့သို့ တခြားနိုင်ငံ၏ ယဉ်ကျေးမှုကိုလည်း အလေးထားရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

သို့ဖြစ်ရာ လူငယ်တို့အနေဖြင့် မြန်မာ့ယဉ်ကျေးမှုကို ပိုမိုလေးစားတန်ဖိုးထားနိုင်ရန်အတွက် ယဉ်ကျေးမှုဆိုင်ရာ အသိဉာဏ် CQ မြင့်မားစွာဖြင့် ကိုယ်ခံအားကောင်းမွန်ကြရန် ကြိုးစား သင့်ကြောင်း၊ ရန်ကင်းမြို့နယ် ဦးစီးအရာရှိ ဒေါ်အိရွှေစင်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး အဆိုပါ အသိပညာပေး Talk Show ကို ပြည်သူ့စာကြည့်တိုက် Page နှင့် Facebook online Page တို့တွင် လွှင့်တင်ပေးမည်ဖြစ်ရာ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း အသိပေးပြောကြားခဲ့သည်။

အိရွှေစင်